တရုတ်နိုင်ငံရဲ့ မြို့တော်ပေကျင်းက အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ ဖှုန့်ရှန်းနဲ့ မန်ထူဂူ ခရိုင်နှစ်ခုမှာ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဖှုန့်ရှန်းခရိုင်ထဲမှာ အိမ်ထောင်စု ၁,၈၀၀ ကျော်နေတဲ့ ဘေချီရင်ရွာမှာ ရက်အတော်ကြာအောင် ရေပေးဝေမှု လုံးဝပြတ်တောက်သွားခဲ့လို့ လေးရက်ကြာ အရေးပေါ်ပြုပြင်ပြီးတဲ့နောက် တနင်္လာနေ့မှာ အိမ်ခြေ ၆၀၀ ရေပြန်လည်ရခဲ့ပါတယ်။
ပြုပြင်ရေးလုပ်ငန်းကို ဆက်လုပ်နေပြီး ၁၀ ရက်အတွင်း အိမ်ထောင်စုအားလုံးအတွက် ယာယီရေပေးဝေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
လက်ရှိအချိန်အထိ ရေပေးဝေမှု ပြတ်တောက်နေတဲ့ ရွာသားတွေကို ရေသန့်ဘူးတွေ အခမဲ့ ပေးဝေနေပြီး နေ့စဉ်စားဝတ်နေရေး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရေတိုင်ကီတွေကိုလည်း ပို့ဆောင်ပေးနေပါတယ်။
ဖှုန့်ရှန်းခရိုင်ထဲက သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာ ၂၁၈ ရွာအနက် ၉၆ ရွာမှာ ရေပြန်ရနေပြီး အရေးပေါ် ရေပေးဝေဖို့ ရေလှောင်ကန် ၅၄ လုံးကို ပေးပို့ခဲ့တယ်၊ တောင်တန်းဒေသတွေမှာ ရေအရည်အသွေး သန့်စင်ဖို့ ကျွမ်းကျင်တဲ့ ရေသန့်စင်ရေး ကုမ္ပဏီတွေကို ခေါ်ယူခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
မန်ထူဂူခရိုင်ထဲမှာတော့ အစိုးရ စီမံကိန်းနှင့် သဘာဝအရင်းအမြစ်ဌာနတွေက အရေးပေါ် အကဲဖြတ်အဖွဲ့ ၁၀ ဖွဲ့ဟာ မုန်တိုင်းနောက်ပိုင်း ဘူမိဗေဒဆိုင်ရာ စစ်တမ်းတွေ ကောက်ယူပြီး ဆင့်ပွား သဘာဝဘေးအန္တရာယ်တွေကို စုံစမ်းစစ်ဆေးဖို့ မုန်တိုင်းဒဏ်ခံ ကျေးရွာတွေနဲ့ မြို့တွေဆီ ဝင်ရောက်ခဲ့ကြပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ဩဂုတ် ၃ ရက်ကစပြီး မန်ထူဂူခရိုင်ထဲက နေရာ ၃၃၀ မှာ သဘာဝဘေးအန္တရာယ်ကို အကဲဖြတ်ခဲ့ပြီး ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် ၁၇၉ ခုကို ဖော်ထုတ်ခဲ့ပါတယ်။
Source - Reuters