Home
မြန်မာသတင်း
လက်နက်ကိုင်တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည် မဆန့်ကျင်ခဲ့ဟု PNFC ဥက္ကဋ္ဌ ပြော
DVB
·
August 8, 2023

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်နက်မကိုင်တဲ့ အကြမ်းမဖက်နည်းလမ်းကို အစဉ်တစိုက် စွဲကိုင်ကျင့်သုံး ဆောင်ရွက်ခဲ့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကိုလည်း မဆန့်ကျင်ခဲ့ဘူးလို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)  ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒါကြောင့် သူလွတ်လာရင် နွေဦးတော်လှန်ရေး ရပ်တန့်သွားနိုင်တယ်လို့ ပြောဆိုနေတာက  ဒေါ်အောင်ဆန်းစုကြည်ကို အထင်သေးရာကျတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်နက်မကိုင်ဘဲ အကြမ်းမဖက်တဲ့ နည်းလမ်းကို ကျင့်သုံးဆောင်ရွက်တဲ့သူ ဖြစ်တာကြောင့် အခု စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတဲ့သူတွေကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုသုံးသပ်မှုတွေရှိသလို နွေဦးတော်လှန်ရေး အင်အားစုတွေကြားမှာလည်း သဘောထားမတူညီမှုတွေ ရှိလာနိုင်တယ်လို့ ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ပြန်တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမှုရှိနိုင်သလား ဆိုတဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ခဲ့ဖူးတဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သုံးသပ်ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ခဲ့တဲ့နိုင်ငံရေးက လက်နက်မကိုင်တဲ့နည်းလမ်းနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်မကိုင်တဲ့နည်းလမ်းနဲ့ လုပ်ခဲ့ပေမဲ့လို့ လက်နက်ကိုင် တော်လှန်ရေးကို မဆန့်ကျင်ခဲ့ဘူး။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ဦးဆောင်ပြီး ပြုလုပ်တဲ့ ၁၉၉၇ မှာ မဲသဝေါထာ ကြေညာချက်လိုမျိုးပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန်ကြေညာချက်တွေကို သူ ထောက်ခံခဲ့ပါတယ်။ ဒါဟာ ဘာကိုပြောသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်မကိုင်တဲ့ နိုင်ငံရေးနည်းလမ်း၊ နှလုံးရည်နည်းလမ်းကို အဓိကထား ကျင့်သုံးပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကိုတော့ ငြင်းပယ်ဆန့်ကျင်တဲ့သူ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ အခု တော်တော်များများ အတွေးအခေါ်အရ ရှုပ်ထွေးနေကြတာက ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လုပ်တာ၊ ဒီနေ့ လက်နက်ကိုင်တော်လှန်ရေးက အကြမ်းဖက်တာ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံမှာမဟုတ်ဘူးလို့ စဉ်းစားကြတာကတော့ ကျနော်တို့အမြင်မှာ ဟာသပါပဲ။”

အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်အာဏာရှင်ကို ဖယ်ရှားရေးအတွက် လက်နက်ကိုင်တော်လှန်နေတဲ့သူတွေကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြောဆို သုံးသပ်ကြတာကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်သေးရာကျသလို အာဏာသိမ်းစစ်တပ်က သူလိုချင်တဲ့သဘောတူညီမှုမျိုး မရဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ခွန်မြင့်ထွန်းက “၂၀၁၄ မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လောခီးလာညီလာခံ လုပ်ပါတယ်။ ညီလာခံမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် လာတော့ ကျိုက်ထိုက စိမ်းလဲ့တင် စားသောက်ဆိုင်မှာ ကျနော်တို့ ဆုံပါတယ်။ တွေ့တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် ကျနော့်ကို ပထမဆုံး ပြောတဲ့စကားက အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် လုပ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက် လုပ်ခဲ့တဲ့ ကျနော်ဟာ အဲဒီအချိန်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအနေနဲ့ ကျနော်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျနော့်ကို သူပြောတာက ကျနော် ဒီလို လက်နက်ကိုင်တော်လှန်ရေးမှာ ဆောင်ရွက်နေတာကို သူ နားလည်ပါတယ်လို့ စကားတခွန်း ပြောခဲ့တယ်။ ဒါ ကျနော့်ရဲ့ ကိုယ်တွေ့ပါ။ ဒါကြောင့်မို့လို့ ဒီကနေ့ လူထုက လိုအပ်ချက်အရ လက်နက်ကိုင်တော်လှန်ရေးကိစ္စကို သူ နားလည်မယ်ဆိုတာ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကြောင့် လူထုခေါင်းဆောင်က လူထုတော်လှန်ရေးကို ဆန့်ကျင်မှာ၊ သွေဖည်မှာ မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ ဆရာကြီး ဦးဝင်းတင် စကားနဲ့ ပြောရရင် အောင်ဆန်းစုကြည်ကို အဲဒီလောက်အထိ လျှော့မတွက်ကြပါနဲ့။ တကယ်လို့သာ စစ်အုပ်စုအလိုကျ သူလက်ခံခဲ့မယ်ဆိုရင် ဒီလောက်ထိ ထောင်ထဲနေစရာမှ မလိုတာဘဲ။”

တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တချို့သော တော်လှန်ရေး အင်အားစုတွေဘက်ကတော့ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အခါမှာ လက်ရှိတော်လှန်ရေးအတွက် ချမှတ်ထားတဲ့ မူဝါဒတွေ သဘောတူညီမှုတွေ ပြောင်းလဲသွားနိုင်သလား ဆိုတဲ့အပေါ်မှာတော့ စိုးရိမ်မှုတွေ ရှိကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီကချမှတ်ထားတဲ့ မူဝါဒတွေအရ တောက်လျှောက် ရပ်တည်နေသူ ဖြစ်သလို ပြည်သူလူထုကိုပဲ အမြဲတမ်း ဦးထိပ်ထားသူဖြစ်တယ် ဆိုတာကို သံသယဖြစ်စရာ မလိုဘူးလို့ ပြောပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေက ပါတီရဲ့ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဦးကျော်ထွေးက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘာလဲဆိုတာ သေသေချာချာ မသိသေးဘဲ ကိုယ့်အထင်အမြင်တွေ၊ ကိုယ့်အတ္တဗဟိုပြု စဉ်းစားချက်တွေနဲ့ ဘာဖြစ်သွားမလဲ ဆိုပြီး မှန်းဆ ပြောဆိုတာတွေ၊ သတင်းထုတ်ပြန်တာတွေက မလုပ်အပ်ဘူးလို့ ထင်ပါတယ်။ သတိကပ်ပြီး ဆင်ခြင်တုံတရားကပ်ပြီး အသုံးပြုကြဖို့ အကြံပြုချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဦးတည်တဲ့ တခြားသော လုပ်ငန်းစဉ်တွေ အပေါ်မှာတော့ တကူးတက ဝေဖန်စောကြောစရာ မရှိပါဘူး။ လုပ်နိုင်တဲ့ လုပ်ငန်းစဉ်တွေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို လုပ်နေကြတာပါ။”

နွေဦးတော်လှန်ရေး အင်အားစုတွေဘက်ကလည်း လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးဟာ တပါတီအတွက်၊ လူပုဂ္ဂိုလ် တဦးတယောက်အတွက် တော်လှန်နေကြတာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ် တခုလုံးကို ဖြိုချပြီး စနစ်အသစ်တခု ထူထောင်ဖို့ တော်လှန်နေကြတာ ဖြစ်တာကြောင့် ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘဲ စစ်တပ်နဲ့ ညှိနှိုင်းမှု ဆောင်ရွက်တဲ့သူ အားလုံးကလည်း အာဏာရှင်တော်လှန်ရေးအတွက် ရန်သူပဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မြို့ပြတော်လှန်ရေးတပ်ဦး (U.R.F) တာဝန်ခံ ကိုထက်က “အကြမ်းဖက်တာကို အားမပေးဘူးဆိုတာ ကျနော်တို့လည်း သိတယ်။ အစောဆုံး ပြည်သူ့လှုပ်ရှားမှုက အကြမ်းမဖက် လှုပ်ရှားမှုနဲ့ စတင်ခဲ့တာ။ အရမ်း ရက်ရက်စက်စက် သတ်ဖြတ်လာတဲ့အခါမှာ၊ ဒီအတိုင်း ငြိမ်ခံနေလို့ မရတဲ့အခါမှာ ကျနော်တို့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တာဖြစ်တယ်။ သေနတ်ကိုင်ချင်လွန်းလို့ ကိုင်တာမဟုတ်ဘူး။ တော်လှန်ဖို့ ရွေးချယ်စရာ ဒါ နောက်ဆုံးဖြစ်လို့ပဲ။ အကြမ်းဖက်လှုပ်ရှားမှုကို သူ ထောက်ခံခြင်း၊ မထောက်ခံခြင်းနဲ့ မဆိုင်ဘူး။ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ မင်းအောင်လှိုင် ဖက်ဆစ်စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ သူတို့ တွန်းပို့လိုက်တဲ့နေရာက ဒီနေရာ ဖြစ်နေလို့ပဲ။ အာဏာသိမ်းမှုကို မကျေနပ်လို့ နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်လာတာ။ ဒီကြားထဲမှာ ကြားဝင်ညှိနှိုင်း စေ့စပ်သူမှန်သမျှက ရန်သူပဲ” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ မတရား တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်မှာတော့ အဲဒီအမှု ၁၉ မှုထဲက အမှု ၅ မှုအတွက် ၆ နှစ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တာကြောင့် ကျန်အမှု ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဖို့ ရှိပါတယ်။

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024