Home
နိုင်ငံတကာ
ဖွေ့ထိုင်းပါတီနှင့် ဖုမ်းကျိုင်းထိုင်းပါတီပေါင်းပြီး အစိုးရဖွဲ့မည်ဟု ကြေညာ
နန်းမြနဒီ
·
August 8, 2023

ထိုင်းရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရထားတဲ့ ဖွေ့ထိုင်းပါတီနဲ့ တတိယမဲ အများဆုံးရထားတဲ့ ဖုမ်းကျိုင်းထိုင်းပါတီတို့ ပူးပေါင်းပြီး အစိုးရဖွဲ့မယ်လို့ သက်ဆိုင်ရာပါတီ ခေါင်းဆောင်တွေက ဩဂုတ် ၇ ရက်  ညနေပိုင်းမှာ ကြေညာပါတယ်။ 

ဖုမ်းကျိုင်းထိုင်းပါတီအနေနဲ့  အစိုးရဖွဲ့ရေးပူးပေါင်းဖို့ ကမ်းလှမ်းလာတဲ့ ဖွေ့ထိုင်းပါတီကို ကျေးဇူးတင်ရှိကြောင်း၊ ဖွေ့ထိုင်းဦးဆောင်မယ့်အစိုးရအဖွဲ့ထဲမှာ ပုဒ်မ ၁၁၂ ဘုရင့်နန်းတော်နဲ့ သက်ဆိုင်တဲ့ ဥပဒေကို လုံးဝထိတွေ့ပြင်ဆင်ဖျက်သိမ်းခြင်းမပြု၊ မဲအနည်းစုရတဲ့ အစိုးရမဖွဲ့စည်း ၊ MFPလိမ္မောရောင်ပါတီမပါဝင် စတဲ့ အချက် ၃ ချက်နဲ့ကိုက်ညီရင် ပါဝင်မယ်၊ ဖွေ့ထိုင်းကလည်း အဲဒီအချက်တွေနဲ့ ကိုက်ညီတယ်လို့ ပြောခဲ့တာကြောင့် ပူးပေါင်းဖို့ သဘောတူလိုက်တယ်လို့  ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်း ချန်းဝီရကွန်းက ပြောပါတယ်။

ဖွေ့ထိုင်းပါတီမှာ အမတ်မဲ ၁၄၁ မဲနဲ့ ဖုမ်းကျိုင်းထိုင်းပါတီမှာ အမတ် ၇၁ မဲရထားပြီး နှစ်ပါတီပေါင်း ၂၁၂ မဲရရှိထားတယ်။ အထက်လွှတ်တော်အမတ် ၂၄၉ ထဲက တစ်ဝက် ကျော်ထောက်ခံနိုင်ပြီး နောက်ထပ်ကျန်တဲ့ပါတီတွေ စုစည်းလိုက်ရင် အစိုးရဖွဲ့ဖို့ မဲအရေ အ တွက်ပြည့်မီပြီး ဝန်ကြီးချုပ်ကတော့ ဖွေ့ထိုင်းပါတီသဘောအတိုင်းပါပဲလို့ အနုထင်းက ပြောပါတယ်။

ဖွေ့ထိုင်းပါတီခေါင်းဆောင် နိုင်းချွန်းလနန့် ဆီကယောက်ကလည်း ၂၁၂ မဲကို အခြေပြုပြီး အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲတွေနဲ့ အစိုးရအမြန်ဖွဲ့ မှဖြစ်မယ်၊ အစိုးရဖွဲ့တာ ကြာလေလေ တိုင်းပြည်စီးပွါးရေးနဲ့ ပြည်သူ့အကျိုးဆောင်ရွက်ရာမှာ နှောင့်နှေးလေလေပါပဲ။ အမြင်မတူတဲ့ တခြားပါတီအနေနဲ့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ရှေးရှုပြီး သူတို့ကိုထောက်ခံမဲပေးဖို့ မေတ္တာရပ်ခံလိုကြောင်း၊ အစိုးရဖြစ်ရင် ပထမဆုံး စီးပွားရေးမြှင့်တင်ရေး ဆောင်ရွက်မယ်၊ ပြဿနာဖြစ်နေတဲ့ဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲမယ်၊ ပွင့်လင်းမြင်သာပြီး အစစ်ဆေးခံနိုင်တဲ့ အစိုးရဖြစ်ရမယ်၊ အတိုက်အခံပါတီတွေအနေနဲ့ သူတို့ကို ဝေဖန်စစ်ဆေးနိုင်တယ်၊ အစိုးရနဲ့ အတိုက်အခံပါတီပူးပေါင်းပြီး နိုင်ငံနဲ့ ပြည်သူအကျိုးကို ဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။

သူတို့နှစ်ပါတီဟာ ဖွေ့ထိုင်းပါတီရုံးချုပ်ထဲမှာ သတင်းစာရှင်းလင်းပွဲကျင်းပ ထုတ်ပြန်နေစဉ်မှာပဲ အပြင်မှာလည်း ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေပါတယ်။ 

ဖုံးကျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်းဟာ အရင် အာဏာရှင်အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးစနစ်နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွေ ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့လို့  နောက်တချီ အစိုးရဖြစ်မှာကို သဘောမတူကြောင်း၊ ညစ်ပတ်တဲ့ ဖုမ်းကျိုင်းထိုင်းပါတီဟာ အရက်ပြန်နဲ့ ဘယ်လောက်ပဲ ဆေးကြောပါစေ သန့်စင်မှာမဟုတ်တဲ့အကြောင်း ကိုဗစ်-၁၉ ကာကွယ်ရေး PPE ဝတ်စုံတွေ ဝတ်ဆင်ပြီး ပါတီရုံးချုပ်ရှေ့မှာ အရက်ပြန်ဆေးရည်တွေ လောင်းချခဲ့ပါတယ်။

ဖွေ့ထိုင်းပါတီဟာလည်း အရင်က ဖုမ်းကျိုင်းထိုင်းပါတီနဲ့ ရန်ဘက်ဖြစ်ခဲ့ပြီး အာဏာအတွက် ရန်သူကို ပြန်ပေါင်းတယ်။ MFP ပါတီနဲ့  MOU သဘောတူ လက်မှတ်ထိုးထားတဲ့ ကတိသစ္စာကို ဖောက်ဖျက်တယ်၊ အရင်ကပြောခဲ့တဲ့စကားတွေ မေ့ပြီလား၊ ပြည်သူကို မဲဆွယ်တုန်းက ပြောခဲ့တဲ့စကားတွေ မေ့ပြီလား၊ ရှပ်နီပါတီဘက်ကနေ အသေခံဆန္ဒပြခဲ့တဲ့ အလောင်း ၉၀ ကျော်ကို မေ့ပြီလား၊ ပြောတဲ့အတိုင်း ကတိမတည်၊ အာဏာရဖို့သာသိတဲ့ပါတီဆိုပြီး ဖွေ့ထိုင်းပါတီဆိုင်ရာ ပိုစတာ ဓာတ်ပုံ စာရွက်စာတမ်းတွေ ဆုတ်ဖြဲကာ ပါတီရှေ့မှာ ကြဲချခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ ရုံးရှေ့က အရံအတား ဘားတန်းတွေ ဖယ်ရှားပြီး ရုံးထဲဝင်ကာ ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ကြိုးစားလို့ လုံခြုံရေးအစောင့်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ 

သတင်းစာရှင်းလင်းပွဲအပြီးမှာ ပါတီခေါင်းဆောင်တွေ စီးလာတဲ့ကားရှေ့မှာ ပိတ်ရပ်ပြီး မကျေမနပ် အော်ဟစ်ဆန္ဒပြခဲ့ပါတယ်။ ဖုမ်းကျိုင်းထိုင်းပါတီ ခေါင်းဆောင်က နောက်ဘက်တံခါးပေါက်ကနေ ပြန်ခဲ့ရပြီး  ဖွေ့ထိုင်းပါတီခေါင်းဆောင်တွေကတော့ ညဉ့်နက်လို့ ဆန္ဒပြသူတွေ မရှိတော့မှ အိမ်ပြန်ကြရပါတယ်။

ဖုမ်းကျိုင်းထိုင်းပါတီ ဒုခေါင်းဆောင် တယောက်ကတော့ သူ့ကားထွက်လို့မရတာနဲ့ လူအုပ်ကြီးကို ထွက်တွေ့ရာမှာ ဆန္ဒပြသူတွေက လူသတ်တဲ့ပါတီ၊ သူတို့စီမံညံ့ဖျင်းလို့ ကိုဗစ်လူနာတွေ မသေသင့်ဘဲ ထောာင်နဲ့ချီသေခဲ့ရတယ်၊ ပြည်သူ့ဆန္ဒမဲကို လုယက်တဲ့ပါတီဆိုပြီး လက်ညှိုးထိုး စွပ်စွဲခဲ့ကြပါတယ်။

တခြားနေရာတွေမှာလည်း ဖွေ့ထိုင်းပါတီအမှတ်အသားပါ အလံတွေ၊ အနီရောင် တီရှပ်အင်္ကျီတွေ မီးရှို့တာ၊ အမှိုက်ပုံထဲပစ်ချတာ၊ ‌လက်နှီးစုတ်လုပ်တာ စတဲ့အပြုအမူတွေနဲ့ ဖွေ့ထိုင်းပါတီကို ကန့်ကွက်ကြပါတယ်။

အထက်လွှတ်တော်အမတ်တွေဆီက လုံလောက်တဲ့ ထောက်ခံမဲရမယ်လို့ ဖွေ့ထိုင်းပါတီဘက်က ပြောထားပေမဲ့ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမယ့် ခွန်ဆေထာ ထဝီးဆင်ဟာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းမှ အစိုးရကိုအခွန်ငွေ ဘတ်သန်းပေါင်း ၅၅၀ ရှောင်ခဲ့တဲ့အမှု၊ အရင် ပါတီမဲဆွယ်စည်းရုံးရေးဆင်းစဉ် ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်လို့ ပြောခဲ့ဖူးတာ၊ စစ်အာဏာရှင် နှစ်ပါတီနဲ့ မပူးပေါင်းဘူးလို့ ပြောခဲ့တာတွေကြောင့် အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲရဖို့မလွယ်ကြောင်း ထိုင်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

အထက်လွှတ်တော်အမတ် ကစ်သီဆဒ်ရတ်တနဝါရဟကလည်း ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်မယ့်သူဟာ ဘာအမှုအခင်းမှမရှိဘဲ ခြောက်ပစ်ကင်းသဲလဲစင်သူ ဖြစ်ရမယ်၊ ဆေထာ ထဝီးဆင်ကို အားပေးပါတယ်၊ ဒါပေမဲ့ သူ့အမှုတွေကြောင့် ရင်လေးမိတယ်၊ နောက်ဆုံးတော့ ဝန်ကြီးချုပ်ဟာ ဖွေ့ထိုင်းပါတီထဲက မဖြစ်လောက်ဘူးလို့ သတင်းထောက်တွေကို ပြော ပါတယ်။

ဖွေ့ထိုင်းပါတီဟာ အထက်လွှတ်တော်အမတ်ဆီက လုံလောက်တဲ့ထောက်ခံမဲရဖို့အတွက် စစ်အာဏာရှင် ဦးလေးကြီး နှစ်ပါတီနဲ့ ပေါင်းမှဖြစ်မယ်၊ အထက်လွှတ်တော်ဘက်က ပုဒ်မ ၁၁၂ ကင်းရုံတစ်ခုထဲနဲ့ ထောက်ခံမှာမဟုတ်ဘူး၊ ဒါ့အပြင် တခြားပါတီ  အထူးသဖြင့်ဖုမ်းကျိုင်းထိုင်း ပါတီနဲ့ ပေါင်းရင် အရေးကြီးတဲ့ ဝန်ကြီးချုပ်နေရာတွေ ပေးရလိမ့်မယ်၊ တခြားပါတီငယ်တွေ ကလည်း မဲဆန္ဒကို အလကားပေးမှာမဟုတ်၊ ရာထူးနေရာနဲ့ လဲရမယ်၊ နောက်ဆုံး ဖွေ့ထိုင်းပါ တီအတွက် ဝန်ကြီးနေရာဟာ ဘာမှကျန်တော့မှာမဟုတ်ဘူးလို့  MFP ပါတီပြောခွင့်ရ ခွန်ဝိရို့ ရတ်ခဏအ ဒီးဆွန်က ပြောပါတယ်။

ဖွေ့ထိုင်းပါတီအနေနဲ့  ဝေဖန်ရှုတ်ချမှုတွေ၊ ဖိအားပေးတာတွေ ခံနေရပြီး နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်၊ ဒါကြောင့် အချိန်မနှောင်းခင် MFP ဦးဆောင်တဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ထဲ ပြန်လာစေချင်တယ်၊ မျက်နှာပျက်တာထက် အနာဂတ်ပျက်တာက ပိုဆိုးတယ်ဆိုပြီး သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့  ဖုမ်းကျိုင်းထိုင်းနဲ့ ပူးပေါင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖွေ့ထိုင်းပါတီထူထောင်သူ ပြည်ပဝရမ်းပြေးဘဝ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မူလက ထိုင်းဝန်ကြီးချုပ်ရွေးပွဲကျင်းပမဲ့ ဩဂုတ် ၄ ရက်အပြီး ဩဂုတ် ၁၀ ရက်မှာ ပြည်တော်ပြန်မယ်လို့ ကြေညာထားပေမယ့် ဝန်ကြီးချုပ်ရွေးပွဲ နောက်ဆုတ်တာနဲ့အမျှ သူ ပြန်လာမယ့်ရက်ကိုလည်း ကျန်းမာရေးဆေးစစ်ရန်အကြောင်းပြပြီး နောက်ဆုတ်လိုက်ပါတယ်။  

သက်ဆင်ဟာ တရားရုံးကပေးတဲ့အပြစ် ခံယူပြီးရင် တိုင်းပြည်ကို အချိန်မရွေး ပြန်လာလို့ရတယ်၊ ဒါပေမဲ့ သူလို ချမ်းသာကြွယ်ဝသူဟာ ထောင်အကျခံမှာမဟုတ်၊ သူ့ပါတီက အာဏာရမှ တိုင်းပြည်ကို တင့်တယ်စွာ ပြန်လာလိုတယ်၊ ဒါကြောင့် ပြန်မယ့်ရက်တွေ ရွှေ့ဆိုင်းနေတယ်၊ ပြန်မယ်လို့ ပြောပြီး မပြန်ဖြစ်တာ အကြိမ်အခါပေါင်း ၂၀ ထက်မနည်း ရှိတယ်လို့  ရှပ်နီပါတီခေါင်းဆောင် နိုင်းကျဒူးဖွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ကိုးကား - thaipost

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024