Home
နိုင်ငံတကာ
တိုင်ဖွန်းမုန်တိုင်းကြောင့် ကမ္ဘာ့ကင်းထောက်စုဝေးပွဲ တက်ရောက်သူများကို ကိုရီးယားအစိုးရက ရွှေ့ပြောင်း
DVB
·
August 8, 2023

တောင်ကိုရီးယားနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေလို့ ကမ္ဘာ့ကင်းထောက်စုဝေးပွဲကို တက်ရောက်နေသူတွေရဲ့ ဘေးကင်းရေးအတွက် ပွဲကျင်းပရာ နေရာကနေ လူတွေကို ဘေးကင်းရာရွှေ့ပြောင်းဖို့ တောင်ကိုရီးယားပြည်ထဲရေးဝန်ကြီးက ဩဂုတ် ၈ ရက်မှာ ပြောလိုက်ပါတယ်။

စခန်းချရာနေရာမှာ ကျန်နေတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်က ကင်းထောက် အယောက် ၃၆,၀၀၀ ကို ရွှေ့ဖို့ ဘတ်စ်ကားအစီးရေ ၁,၀၀၀ ကျော်ကို ဖြန့်ကြက်ချထားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်တန်းတွေကို ရဲရဟတ်ယာဉ်တွေ၊ ကင်းလှည့်ကားတွေနဲ့ စောင့်ကြပ်သွားမယ်လို့လည်း ပြည်ထဲရေးဝန်ကြီး လီဆန်းမင်က စခန်းချတဲ့နေရာမှာ လုပ်တဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဆိုးလ်မြို့တော်နဲ့ အနီးတဝိုက်က ဂျောင်ဂျိပြည်နယ်မှာ ကင်းထောက် အယောက် ၁၆,၀၀၀ ကျော် လက်ခံနေရာချထားမှာဖြစ်ပြီး တခြားသူတွေကို တောင်ကိုရီးယားရဲ့ တခြားနေရာ ခြောက်ခုမှာ ဖြန့်ကြက် နေရာချထားမှာပါ။

အဲဒီနေရာတွေမှာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက အစားအသောက်တွေကို သေသေချာချာ စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

ရေနဲ့ မိလ္လာစနစ် ညစ်ညမ်းမှုဟာ စခန်းချရာနေရာကနေ စောစောစီးစီးထွက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းတွေထဲက တခုပဲလို့ ဗြိတိန် ကင်းထောက်အကြီးအကဲက ရိုက်တာ သတင်းဌာနကို ပြောပြီးနောက် ဝန်ကြီးရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။

ကမ္ဘာ့ကင်းထောက်များ စုဝေးပွဲကို သြဂုတ် ၁၂ ရက်အထိ တရားဝင်လည်ပတ်ဖို့ စီစဉ်ထားပြီး အစားထိုး အစီအစဉ်တွေနဲ့ K-pop ဖျော်ဖြေပွဲတွေ ဆက်လုပ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024