Home
မြန်မာသတင်း
ပုလဲမြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ဒေသခံထောင်ချီတိမ်းရှောင်၊ ကျွန်းလှမြို့နယ်၌ ရွာမီးရှို့
DVB
·
August 7, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာ၊ ကြောင်သန်းရွာနဲ့ ဆင်ရှင်ရွာ စတဲ့ ရွာ ၃ ရွာကြားကို စစ်ကောင်စီတပ်က ဒီနေ့ ဩဂုတ် ၇ ရက် မနက် ၁၁ နာရီကျော်က ဂျက်တိုက်လေယာဉ်တစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို လေယာဉ်နဲ့လာပစ်တဲ့ စစ်ကောင်စီတပ်ဟာ မန္တ‌လေး တံတားဦးလေယာဉ်ကွင်းကနေ တက်လာတဲ့ လောယာဉ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြောင်သန်းကျေးရွာသားတဦးက “ဇီးဖြူကုန်း ပျူရွာကနေ စစ်ကောင်စီစစ်ကြောင်း ကျနော်တို့ ကြောင်သန်းရွာဘက်ကို စစ်ကြောင်းစထိုးလာတယ်။ စစ်ကြောင်းစထိုးလာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တယ်ဗျ။ တိုက်ပွဲဖြစ်ပွားတဲ့အချိန်က မနက်ခင်း ၈ နာရီလောက် ဖြစ်မယ်။ အဲလို တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အကျအဆုံးများလို့ အခုလို လေယာဉ်နဲ့လာပစ်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

လေယာဉ်နဲ့ပစ်ခတ်ခံရတဲ့ နေရာတွေကတော့ ကြောင်သန်းကျေးရွာ မြောက်ဘက်နဲ့ ဆင်ရှင်ကျေးရွာ၊ မုံကြိုင်ကျေးရွာ အနီးပတ်ဝန်းကျင်တွေကို ဗုံးသီး ၆ လုံးထက်မနည်း ကျပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခံခဲ့ရပြီး အဆိုပါကျေးရွာ ၃ ရွာက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်မှာလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ဒေသခံတွေရဲ့ အထိအခိုက် အကျအဆုံး အပျက်အစီး စာရင်းတွေကို အတည်ပြုလို့ မရသေးဘူးလို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ဒေါင်းနက်အဖွဲ့ တာဝန်ရှိသူ ရဲဘော်ပေက “တိုက်ပွဲက ကျနော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ဇီးဖြူကုန်းကျေးရွာက ထွက်လာတဲ့ စကစစစ်ကြောင်းနဲ့ မနက်ခင်းကတည်းက တိုက်ပွဲဖြစ်နေကြတာ။ (--)တွေဘက်က အထိအခိုက် အကျအဆုံး များတယ်။ ကိုယ့်ဘက်ကတော့ (--)စစ်ကြောင်းကို ပတ်ပတ်လည် ဝိုင်းပြီး ပစ်နေကြတာ။ အဲလို ဝိုင်းပစ်ခံရတော့ (--)တွေ အကျအဆုံးများနေတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် အကျအဆုံး လတ်တလော မရှိသေးဘူး။ တိုက်ပွဲကတော့ အခုထိမပြီးသေးဘူး” လို့ ပြောပါတယ်။

အခု စစ်ကောင်စီ မြေပြင်စစ်ကြောင်းကို ပုလဲမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပုလဲမြို့နယ် တပ်ရင်းတပ်ဖွဲ့တွေနဲ့ MRD မြန်မာ့‌ေတာ်ဝင်နဂါးတပ်မတော်၊ ကျားသစ်နက်၊ ဒေါင်းနက်၊ (ပုလဲ)ဗိုလ်ဂဠုန်၊ ပုလဲဂျိုကာ၊ ကိုဘသာအဖွဲ့၊ ချင်းတွင်းတိုးနယားအဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ၊ မုဆိုးလေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကြာတကံရွာကိုလည်း  စစ်ကောင်စီက ဩဂုတ် ၇ ရက်‌ ဒီနေ့မနက်အစောပိုင်းမှာ မီးစတင်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ မနေ့ည ၁၀ နာရီဝန်းကျင်က ကျွန်းလှမြို့တွင်းကနေ စတင်ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရွာသားတဦးက “မီးရှို့တာက အခုရှို့‌‌တာ။ စစ်သားအင်အား ၁၀၀ ပါတယ်ဗျ။ စစ်ကြောင်းလာတယ်လို့ ကြားတာနဲ့ကို ထွက်ပြေးနေရတော့ ဘာစီးပွားရေးမှ မလုပ်ရဘူး။ စားဝတ်နေရေးတွေလည်း အရမ်းခက်ခဲလာတယ်ဗျ။ အခုလည်း ရွာကိုပါ မီးရှို့နေတော့ ပိုဆိုးတာပေါ့ဗျာ။ ကျနော်တို့မြို့နယ်က တခြားမြို့နယ်နဲ့မတူဘူး။ စစ်ကောင်စီကတမျိုး၊ ပျူစောထီးကတမျိုး ဆိုတော့ ကျနော်တို့ ပြည်သူတွေဘဝက မတွေးရဲစရာဘဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့နေတဲ့ ကြာတကံရွာဟာ အိမ်ခြေ ၁၁၇ ရှိတဲ့ ကျေးရွာတရွာဖြစ်သလို ပထမအကြိမ် စစ်ကောင်စီက မီးရှို့ခဲ့လို့ ပြည်သူနေအိမ် ၂၇ လုံးနဲ့ စစ်ရှောင်တဲ ၃ လုံး မီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိ မီးရှို့တာ ဒုတိယအကြိမ်ဖြစ်ကာ စစ်ကောင်စီက ရွာအတွင်းက မထွက်သးတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

ကြာတကံရွာဟာ ကျွန်းလှမြို့နဲ့ ၁ မိုင်ခန့်သာ ဝေးကွာပြီး စစ်ကောင်စီ စစ်ကြောင်းထိုး ရွာကို မီးရှို့‌နေတာကြောင့် ကြာတကံရွာ အပါအဝင် ထန်းပင်ကုန်းရွာ၊ အင်းမရွာနဲ့ ရှမ်းကုန်းရွာက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024