မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နေလို့ မြဝတီနယ်စပ်ကို ဂေါ်ဖီထုပ်တင်ပို့မယ့်ကားတွေ ထွက်လို့မရတာကြောင့် ဂေါ်ဖီထုပ်စျေး ထက်ဝက်လောက် ကျဆင်းခဲ့တယ်လို့ ဂေါ်ဖီထုပ်ရောင်းဝယ်တဲ့ ပွဲရုံတွေထံက သိရပါတယ်။
ဂေါ်ဖီထုပ်စျေးဟာ ဇူလိုင်လက ပွဲရုံစျေး ကျပ် ၁,၇၀၀ ရှိခဲ့ရာက သြဂုတ် ၆ ရက်မှာ ကျပ် ၈၀၀ အထိ ကျဆင်းခဲ့တာပါ။
အောင်ပန်းပွဲရုံပိုင်ရှင်တဦးက “ဂေါ်ဖီထုပ် အဓိကတင်ပို့တာက နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကိုပါ။ အခု မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ရေကြီး၊ ကားလမ်းရေကျာ်တာတို့ မြေပြိုတာတွေ ဖြစ်နေတော့ ကုန်ကားတွေ ထွက်လို့အဆင်မပြေတော့လို့ နားထားရတယ်။ မြဝတီကို ဂေါ်ဖီထုပ်တွေ မပို့ရတော့ ပွဲရုံတွေမှာ ဂေါ်ဖီထုပ်တွေ ပုံနေတယ်။ လက်ရှိ ဂေါ်ဖီထုပ် ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေတော့ စျေးက ထက်ဝက်လောက်ကျသွားတာ” လို့ ပြောပါတယ်။
အောင်ပန်းရှိပွဲရုံတွေမှာ ဇူလိုင်လက မြဝတီနယ်စပ်ကို တနေ့ ဂေါ်ဖီထုပ် ၁၂ ဘီးကား ၂ စီး တင်ပို့ရပါတယ်။
ဂေါ်ဖီထုပ်စျေး ကျဆင်းတာကြောင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ရွာငံနဲ့ ပင်းတယက ဂေါ်ဖီစိုက်တောင်သူတွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရတာသာမက ဂေါ်ဖီထုပ် ရောင်းချဖို့ အခက်အခဲတွေပါ ရှိတယ်လို့ ဂေါ်ဖီထုပ်ဒိုင်တွေကနေ သိရပါတယ်။
ပင်းတယရှိ ကုန်စိမ်းကုန်သည်တဦးက “လက်ရှိ ဂေါ်ဖီထုပ်ကားတွေ မထွက်တော့ ပွဲရုံတွေမှာ ဂေါ်ဖီတွေ ပုံနေတာပေါ့။ ဂေါ်ဖီထုပ်စျေးတွေကလည်း ထိုးကျသွားတာပေါ့။ ပွဲရုံတွေက စျေးကျတော့ တောင်သူတွေဆီက ခြံဖြတ်ဝယ်တဲ့ စျေးတွေလည်း ကျသွားတယ်။ အရင်လက ခြံဖြတ်စျေး ဂေါ်ဖီတထုပ်ဟာ ကျပ် ၅၀၀ ကနေ ၆၀၀ ရှိပေမဲ့ အခု ၂၀၀ ကနေ ၂၅၀ လောက်ပဲ ရှိတော့တယ်။ လက်ရှိ ဂေါ်ဖီထုပ်စိုက်တဲ့ ကုန်ကျစရိတ်တွေက ကြီးတော့ တောင်သူတွေက အရှုံးပေါ်သွားတဲ့အပြင်ကို ပွဲရုံတွေနဲ့ ကုန်သည်တွေဆီမှာ ဂေါ်ဖီထုပ်လက်ကျန်တွေ ရှိနေတော့ တောင်သူတွေဆီက ခြံဖြတ်ဝယ်မဲ့သူ မရှိတဲ့ ပြဿနာပါ ရှိနေတာပါ” လို့ ပြောပါတယ်။
ရန်ကုန်-မြဝတီသွား ကားလမ်းမှာ ဇူလိုင်အကုန်ထဲက ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး ဘီးလင်းမြို့နားမှာ ကုန်ကားသုံးစီး လမ်းဘေးထိုးကျခဲ့သလို မြဝတီ အာရှလမ်းမှာလည်း တောင်ပြိုကျပြီး လမ်းပိတ်ဆို့တာတွေ ရှိနေပါတယ်။
ဂေါ်ဖီထုပ်ကို ရှမ်းပြည်တောင်ပိုင်းမြို့တွေဖြစ်တဲ့ ပင်းတယ၊ ကလော(ဟဲဟိုး)၊ ပင်လောင်း (နောင်တရား၊ တီကျစ်) နဲ့ အောင်ပန်းမြို့နယ်တို့မှာ အများဆုံး စိုက်ပျိုးပါတယ်။