Home
မြန်မာသတင်း
ရန်ကုန်ရှိ အထည်ချုပ် စက်ရုံအချို့တွင် အချိန်ပိုကြေးမပေးဘဲ စေခိုင်းနေသဖြင့် တိုင်ကြားမှု များနေ
DVB
·
August 7, 2023

ရန်ကုန် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတချို့မှာ အလုပ်သမားတွေကို အချိန်ပိုခေါ်ယူပြီး အချိန်ပိုကြေး လုပ်အားခ ရှင်းမပေးတာကြောင့် ဆက်သွယ်တိုင်ကြားတာတွေ မြင့်တက်နေတယ်လို့ အလုပ်သမားအဖွဲ့တွေထံက သိရပါတယ်။

စက်ရုံတွေအနေနဲ့ အချိန်ပိုကြေးကို နည်းအမျိုးမျိုးနဲ့ ဖြတ်တောက်ကာ လုပ်အား ခေါင်းပုံဖြတ်မှုတွေကြောင့် လုပ်အားနဲ့ထိုက်တန်တဲ့ လုပ်ခမရဘဲ အလုပ်သမားတွေကြား မကျေလည်မှုတွေ ဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက “ဇူလိုင်လရဲ့ လစာတွေ ထုတ်ပြီးတော့ အချိန်ပိုနဲ့ပတ်သက်လို့ ပြဿနာတွေ တောက်လျှောက်ကြားရတယ်။ အလုပ်သမား တဦးချင်းရော၊ အဖွဲ့လိုက်ပါ လှမ်းဆက်သွယ် အသိပေးတာတွေ ဆက်တိုက်ပဲ” လို့ ပြောပါတယ်။

စက်ရုံတချို့က အလုပ်သမားကို အထည်စံချိန် မပြည့်လို့ဆိုပြီး အချိန်ပိုကြေးမပေးဘဲ အစားထိုး ဆက်ဆင်းခိုင်းတာ၊ ဒေးကြေးကို ၅,၆၀၀ သတ်မှတ်ထားပေမဲ့ ၄,၈၀၀ ကျပ်နှုန်းနဲ့ အချိန်ပိုကြေး သတ်မှတ်ပေးချေတာ၊ ညလုံးပေါက် အချိန်ပိုဆက်တိုက်ဆင်းခိုင်းတာ စတဲ့ ဖြစ်ရပ်တွေ ရှိနေတာလို့ အလုပ်သမားတွေက ဆိုပါတယ်။

ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက “အလုပ်သမား တော်တော်များများ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတာ။ အလုပ်သမားရုံးကို တိုင်ပြန်ရင်လည်း စက်ရုံကသိရင် အလုပ်ထုတ်ခံရမှာစိုးတော့ မတိုင်ရဲကြဘူး။ နီးစပ်ရာ အလုပ်သမားအဖွဲ့တွေကိုတော့ ရသလောက် သတင်းပို့ရုံပဲ လုပ်နိုင်ကြတယ်” လို့ ပြောပါတယ်။

အဲဒီလို လုပ်အားခ ခေါင်းပုံဖြတ်မှုတွေကို တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေက အများဆုံး ကျူးလွန်နေတာလို့လည်း အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။

အဲဒီလုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားရင် သက်ဆိုင်ရာ အလုပ်သမားရေးရာဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက စက်ရုံဘက်က ခေါ်ပေးထားတဲ့ အလုပ်သမားတွေကို စစ်ဆေးမေးမြန်းပြီး အခွင့်အရေးချိုးဖောက်မှု မရှိဘူးလို့ မှတ်ချက်ပေး ထုတ်ပြန်လေ့ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စက်ရုံလုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု မြင့်တက်ခဲ့ပြီး သမဂ္ဂတွေရဲ့ လွတ်လပ်ခွင့် ချိုးနှိမ်ခံထားရတဲ့အပေါ် ဝေဖန်တာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024