Home
မြန်မာသတင်း
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီး ရေတိုက်စား ပျက်စီးပြီး လမ်းပိတ်နေ
DVB
·
August 7, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်  မိုင်တိုင်အမှတ် ၁၄၉ နဲ့ ၁၅၀ ကြားက တောနော်ရေတံခွန်အနီးမှာ ဩဂုတ် ၇ ရက် နေ့လယ် ၁ နာရီလောက်က မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေကြောင့် ကားလမ်း ရေတိုက်စားကာ ပြိုကျ ပျက်စီးသွားခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေနဲ့အတူ တောင်ပြိုပြီး မြေတိုက်စားခဲ့တဲ့အတွက် ပေ ၁၀၀ ကျော်လောက် အကျယ်လောက်နဲ့ မြေအနက် ၁၀ ပေအထိ မြေတိုက်စားပြီး လမ်းပိုင်း ပဲ့ကျ ပျက်စီးခဲ့လို့ ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရတဲ့အတွက် ယာဉ်သွားလာမှုတွေ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပါတယ်။

ဘားအံ-မြဝတီ ယာဉ်မောင်းတဦးက “လမ်းပိုင်းပျက်စီးတာ‌က လောလောဆယ်တော့ ကားတွေကော ဆိုင်ကယ်တွေကော ဖြတ်လို့မရဘူး။ လမ်းဟောင်းဘက်ခြမ်းကသွားမယ်ဆိုရင် လုံခြုံရေးအရ သူတို့လည်း ဖွင့်ပေးမှာ မဟုတ်လောက်ဘူး။ ဒီလမ်းပိုင်းကနေပဲ လူပဲကူးလို့ရတယ်။ ကားတွေကတော့ ဟိုဘက်ဒီဘက် ရှိနေမှာပဲ” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားတာကြောင့် ကော့ကရိတ်အတက်လမ်းနဲ့ မြဝတီအဆင်းက ကုန်တင်၊ ခရီးသည်၊ အိမ်စီးကားတွေဟာ  ရပ်တန့်ထားရကာ  လမ်းပြိုကျမှုအတွင်း ယာဉ်တွေ ထိခိုက်ပျက်စီးမှုတွေ မရှိပါဘူး။

ကုန်တင်ကားမောင်းနှင်သူတဦးက “ ‌၁၁ နာရီမခွဲခင်ကတည်းက စပြိုတာ၊ နည်းနည်းပေါ့၊ ပြိုမှန်းသိတာနဲ့ ကားတွေ လွတ်တဲ့နေရာကို ဘက်ဆုတ်ပြီး မောင်းလာရတာ၊ ကားက အတန်းလိုက်ကြီး ဖြစ်နေပြီ၊ ၁၂ နာရီလောက်ကျတော့ ပြိုထားတာ ပေ ၁၅၀ လောက် ရှိသွားပြီ၊ မီးသတ်တွေ ရောက်နေပါပြီ၊ ကော့ကရိတ်က တက်တဲ့ကားတွေတော့ ဘက်ဆုတ်ပြီး ‌ပြန်ဆင်းနေကြပါတယ် ”လို့ ဆိုပါတယ်။

လမ်းပြိုကျနေစဉ် ကော့ကရိတ်ဘက်က မြဝတီဘက်သို့တတ်လာတယ့် ကုန်တင်တွဲကားတစ်စီး ပိမိခဲ့ရာ ယာဉ်ပေါ်ပါသူတွေ ခုန်ဆင်းလွတ်မြောက်ခဲ့ပြီး ကားကတော့ တစ်စီးလုံးပိသွားခဲ့ပါတယ်။

လမ်းပျက်စီးတဲ့နေရာအနီး  ဒေသခံတစ်ယောက်က “ကားတွေကတော့ဖြတ်မရဘူး လူတွေကတော့ တောင်စောင်းက ကပ်လျှောက်ပြီး ဟိုဘက်ဒီ ဘက်ကူးလို့ရတယ်။ ကားအသွားအလာတော့ အကုန်ရပ်ထားတယ်။ တိုက်ပွဲဖြစ်သံ တချက် ကြားလိုက်တော့ ကားတွေ အကုန်နောက်ကြောင်းပြန်လှည့်ကုန်ပြီ”လို့ ပြောပါတယ်။

လမ်းပြိုပဲ့ကျ‌တဲ့နေရာကို ကော့ကရိတ်နဲ့ မြဝတီမီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက်အသင်း‌တွေက လာရောက်စစ်ဆေးနေတယ်လို့ သိရပြီး နေ့လယ် ၂ နာရီအထိ ပြင်ဆင်မှုမလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

အာရှလမ်း၊ တောနော်ရေတံခွန်အနီးမှာပဲ ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ကမ်းပါးရှိ မြေသားတွေ ပြိုကျခဲ့တာကြောင့် အာရှလမ်းအသုံးပြုနေတဲ့ ကားတွေ နာရီအတော်ကြာ လမ်းပိတ်ဆို့ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လကလည်း  ဒေါနတောင်ရှိ အာရှလမ်းမပေါ်မှာ တောင်ကမ်းပါးပြိုကျလို့ ကားတွေ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဟာ မဟာမဲခေါင် ကုန်သွယ်ရေးလမ်းမကြီးဖြစ်သလို မြန်မာ-ထိုင်း ကုန်သွယ်မှုမှာ အဓိက အရေးပါတဲ့လမ်း ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး နေအိမ်တွေ ရေနစ်မြုပ်မှုတွေကြောင့် ရေဘေးကယ်ဆယ်ရေးတွေ အရေးပေါ်လုပ်ဆောင်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024