Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၄ ဦး သေဆုံး
DVB
·
August 7, 2023

တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီကြောင့် ရေကြီးနေတဲ့ တရုတ်နိုင်ငံ မြောက်ပိုင်းက ရှုလန်မြို့မှာ သီတင်းပတ်ကုန်ရက်က လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သြဂုတ် ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ် ရှုလန်မြို့မှာ သေဆုံးမှုဟာ ပြီးခဲ့တဲ့အပတ်က ပေဂျင်းမြို့တော်နဲ့ ဟော့ပေးမြို့တွေမှာ သေဆုံးသူ အယောက် ၂၀ ကျော်အပြင် နောက်ထပ်သေဆုံးမှုလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေက နိုင်ငံတဝန်းလုံးအတွက် စုစုပေါင်းသေဆုံးသူစာရင်းကို မထုတ်ပြန်သေးပါဘူး။ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV ကနေ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ရေကြီးရေလျှံမှုတွေနဲ့ ရိက္ခာတွေကို ရဟတ်ယာဉ်တွေနဲ့ ဒေသခံတွေဆီ ပို့ဆောင်ပေးနေပုံကို တွေ့ရပါတယ်။

ရှုလန်မြို့မှာ နေထိုင်သူ အယောက် ၁၃၀၀၀၀ ရေဘေးသင့်ခဲ့ပြီး ကျိလင်းပြည်နယ်မှာ လူ ၇၉၀၀၀  ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားပြည်နယ်၊ ကျိလင်းပြည်နယ်နဲ့ ဟေလောင်ကျန်း ပြည်နယ်တို့မှာ ရေကြီးရေလျှံမှုအတွက် တုံ့ပြန်မှုအဆင့် ၃ ကို ဩဂုတ် ၇ ရက်မှာ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရေလွှမ်းမိုးခံရတဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ဟော့ပေးပြည်နယ်မှာတော့ ရေတွေ ပြန်ကျလာလို့ ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေတဲ့လူတွေကို ဆက်ရှာနေတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား CCTV က သြဂုတ် ၆ ရက်မှာ  ဖော်ပြခဲ့ပါတယ်။

တိုင်ဖွန်း ဒေါ့ဆူရီကြောင့် ဇူလိုင်လနှောင်းပိုင်းမှာ တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုး အပြင်းအထန် ရွာသွန်းခဲ့ပြီး တရုတ်အစိုးရရဲ့ နှစ်ပေါင်း ၁၄၀ မိုးရေချိန်စံချိန်ကို ချိုးဖျက်ခဲ့ တာပါ။

လူနေထူထပ်တဲ့ ဟော့ပေးပြည်နယ်မှာ တစ်နှစ်ပတ်လုံး ပုံမှန်ရွာသွန်းတဲ့ မိုးပမာဏကို ဖြိုခွင်းခဲ့ ပါတယ်။ 

ဟော့ပေးပြည်နယ် ကျူးကျိုးမြို့က ရွာတွေမှာ မိုးအသည်းအထန် ရွာပြီးတဲ့နောက် လမ်းတွေက မြစ်တွေလို ဖြစ်သွားခဲ့ပါတယ်။

အပူချိန်မြင့်တက်နေချိန်မှာ ရေလွှမ်းမိုးနေတဲ့ ရေမျက်နှာပြင်ပေါ်မှာ မြူခိုးတွေကို မြင်တွေ့ရလို့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အန္တရာယ်နဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေရ ခက်ခဲသွားတယ်လို့ CCTV က ဖော်ပြပါတယ်။

ပေကျင်း၊ တီယန်ကျင့်၊ ဟော့ပေး၊ ဟေလောင်ကျန်းနဲ့ ကျိလင်းပြည်နယ်တွေ အပါအဝင် ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ အိမ်ပြုပြင်ရေး ပံ့ပိုးဖို့ တရုတ်အစိုးရက တနင်္လာနေ့မှာ နောက်ထပ် ယွမ်ငွေ သန်း ၃၅၀ (အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၈ သန်း) ခွဲဝေပေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အစိုးရက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အရင်က ယွမ်သန်း ၁၇၀ ချထားပေးခဲ့ပြီးပါပြီ။

တရုတ်နိုင်ငံဟာ အရေးပေါ်တုံ့ပြန်ရေးစနစ် အဆင့်လေးဆင့်ကို သုံးထားပြီး အဆင့် ၁ အရေးပေါ်တုံ့ပြန်မှုစနစ်က အရေးပေါ်အဖြစ်ဆုံးအဖြစ် သတ်မှတ်ထားပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024