ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ဆုန်ဒိုနားက အဆင်မြင့်အိမ်ယာ လုပ်ငန်းခွင်တခုမှာ ဒီနေ့ မတော်တဆဖြစ်ပြီး မြန်မာလုပ်သားတယောက် သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၅ ရက်၊ ကိုရီးယားစံတော်ချိန် မနက် ၇ နာရီအချိန်မှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေတုန်း ကရိန်းကြိုးနဲ့ ငြိပြီး ၁၅ ထပ်အမြင့်ကနေ ပြုတ်ကျသေဆုံးခဲ့တာပါ။
သေဆုံးသူဟာ အသက် ၄၄ နှစ်အရွယ် ကိုသိန်းထွန်းဖြစ်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့ကနေ ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ မြန်မာပြည်ပြန်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံရောက် မြန်မာလူမျိုးတွေကို ကူညီပေးနေတယ့် ကိုဇော်မိုးအောင်က “လုပ်ငန်းခွင်မှာ သေဆုံးတာဖြစ်တဲ့အတွက် ဩဂုတ် ၇ ရက်နေ့မှာ ရဲစစ်ချက်ယူရမယ်။ ရဲက ရင်ခွဲစစ်ဆေးပြီး သင်္ဂြိုလ်ခွင့်ပြုမှသာ အသုဘကိစ္စကို စီစဉ်ရမှာပါ” လို့ ပြောပါတယ်။
လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးရတဲ့အတွက် အသုဘစရိတ်နဲ့ ကုန်ကျစရိတ်အားလုံးကိုတော့ ကုမ္ပဏီဘက်က စိုက်ထုတ်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။