ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက သဲတောင်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား သြဂုတ် ၂ ရက်နေ့စလို့ ၄ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားထပ်တိုးလာနေတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
ရဲဘော်တယောက်က "ဟုတ်ပါတယ်။ အခု တော်တော်ပြင်းထန်ပါတယ်။ ကျနော်တို့ တိုင်းအထူးတပ်ဖွဲ့ ရဲဘော်တယောက် ထိထားပါတယ်။ လေယာဉ်တော့ လာဖို့များပါတယ်။ စစ်ကြောင်း ၃ ကြောင်းအပြင် ၂ ကြောင်း စစ်ကူထပ်လာနေတယ်လို့ သတင်းရပါတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ သဲတောင်အနီးအနားကို စစ်အင်အား အများအပြားတိုးလာနေတာကြောင့် ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးတာတွေရှိပြီး အလောင်းမကောက်ဘဲ ကျန်နေတာတွေလည်း ရှိတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။
ဖရူဆိုနဲ့ ဒီးမော့ဆို လမ်းကြားက ဒေါညေးခူနားမှာလည်း စစ်ကောင်စီက ပြည်သူတွေကို စစ်ဆေးတာတွေရှိနေပြီး မထင်ရင်မထင်သလို ရိုက်နှက်ဖမ်းဆီးတာတွေရှိနိုင်လို့ သတိထားကြဖို့လည်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ် နေရာအနှံ့အပြားမှာ စစ်အင်အားတွေ တိုးချဲ့နေပြီး ဩဂုတ် ၂ ရက်နေ့ကလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်း တိုက်ပွဲတနေရာမှာ စစ်ကောင်စီကိုတိုက်ခိုက်ရင်း ကရင်နီတပ်မတော် KA ရဲ့ တပ်ခွဲမှူး ဒုဗိုလ် ခူးလီးရယ် ကျဆုံးခဲ့ရတယ်လို့ KA တပ်ဖွဲ့ တပ်ရင်း ၅ က သတင်းထုတ်ပြန်ထားပါတယ်။
ကျဆုံးခဲ့ရတဲ့ ဒု ဗိုလ် ခူးလီးရယ်ရဲ့ စျာပနကို သြဂုတ် ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေအပြင် တခြားရဲဘော်တွေနဲ့ ပြည်သူတွေပါ တက်ရောက် အလေးပြုခဲ့တယ်လို့ သိရပါတယ်။