Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး PDF ၂ ဦး ကျဆုံး
DVB
·
August 5, 2023

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက ပကဖ အယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပကဖအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိသလို ပကဖ ရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖဆီကနေ သိရပါတယ်။

ပကဖဝတ်စုံဝတ်ဆင်ပြီး မြေဖြူကျေးရွာဘက်ကထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ လောက်ဟာ သပြေပင်ရွာထဲကို ဝင်ရောက်လာပြီး ပကဖအဖွဲ့ကဆိုပြီး ပြည်သူတွေကို မိတ်ဆက်နေတုန်း အနီးကပ်ကျမှ ကိုယ့်လူမဟုတ်မှန်းသိရပြီး အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အသက် ၂၁ နှစ်အရွယ် ရဲဘော် အယ်ဖာနဲ့ အသက် ၁၉ နှစ်အရွယ် ရဲဘော်စေတန်တို့ ၂ ယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရသလို ရဲဘော်တယောက် ဒဏ်ရာနည်းနည်း ရပြီး M22 မောင်းပြန်သေနတ်တလက် ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ရေစကြို-ပကဖကလည်း ဩဂုတ် ၄ ရက်နေ့ မနက် ၆ နာရီအချိန်မှာ သပြေပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပကဖ)ကင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့နယ်(ပကဖ)သတင်းပြန်ကြားရေးတာဝန်ခံက "ကျနော်တို့ ရဲဘော်တွေက စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေချိန်မှာ ကျန်‌နေတဲ့ရွာခံတွေရှိနေတော့ ရွာထဲ တန်းဝင်လာလို့မရအောင် မိုင်းနဲ့သွားကာရတာ။ ရွာပြင်မှာရှိတဲ့ မိုင်းကွင်းကိုသွားတဲ့ ရဲဘော်တွေကို စစ်ကောင်စီက ကြိုရောက်နေပြီး ပစ်ခတ်ခံရတာပါ" လို့ ပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ အလောင်းတွေကို ပြန်မယူနိုင်သေးဘဲ ပြန်တိုက်ခိုက်ဖို့ အခြေအနေကို စောင့်ကြည့်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မွန်းလွဲပိုင်းမှာမှ သူတို့ရှိတဲ့ နေရာတွေကို ၆၀ မမ၊ ၁၂၀ မမ တို့နဲ့ ပစ်ခတ်ခဲ့ပြီး ခလရ ၂၅၆ တပ်ထဲကိုလည်း မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံး ၃ လုံး ကြဲတိုက်ခိုက်ခဲ့လို့ ဘားတိုက်တလုံးမီးလောင်ပျက်စီးသလို စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပြောပါတယ်။

Photo ရေစကြို(ပကဖ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024