Home
မြန်မာသတင်း
နောင်ချိုတွင် ကား ၂ စီးတိုက်မိပြီး လူ ၈ ဦးဒဏ်ရာရ
DVB
·
August 5, 2023

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ မန္တလေး-လားရှိုးကားလမ်း၊‌ ကျောက်ကြမ်းကျေးရွာနဲ့ အုမ္မခါးကျေးရွာနားမှာ ဩဂုတ် ၄ ရက် မနေ့မွန်းလွဲပိုင်းက ကား ၂ စီးတိုက်မိပြီး လူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မိုင်တိုင်အမှတ်၇၀/၂ ဖာလုံနဲ့ ၇၀/၃ ဖာလုံကြားမှာ နောင်ချိုကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ အနက်ရောင် Wish အမျိုးအစားကားဟာ ၁၂ ဘီး ကုန်တင်ယာဉ်ကို ကျော်တက်ရာကနေ လမ်းပြောင်းပြန်ဖြစ်ပြီး မန္တလေး-နောင်ချို ခေါက်တိုပြေးဆွဲတဲ့ ခရီးသည်တင်ကားနဲ့ ‌ မျက်နှာချင်းဆိုင် တိုက်မိကြတာ ဖြစ်ပါတယ်။ 

မြို့ခံကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက် “သိရသလောက်‌တော့ ရှေ့ကားကို ကျော်တက်ရင်း တိုက်ကြတာ။ မန္တလေး- နောင်ချို ဆွဲတဲ့ကားလေးနဲ့ အိမ်စီးကားနဲ့ မျက်နှာချင်းဆိုင် အနေအထားပါ။ အသက် ၄၅ လောက်ရှိတဲ့ အမျိုးသား ၁ ယောက်က မျက်နှာထိခိုက်မိတာ ရှိတယ်။ ကားလေးက အတိုက်ခံရပြီး ယာဉ်မောင်းနဲ့ ခေါင်းခန်းက တယောက်တော့ မထနိုင်ဘူး၊ ဒဏ်ရာအနည်းငယ် ပြင်းထန်ပါတယ်။ Wish ကားပေါ်က မစိုးရိမ်ရဒဏ်ရာတွေပါ။ နောင်ချိုဆေးရုံပဲ ပို့ထားပေးပါတယ်” လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် အနက်ရောင် Wish ကားပေါ်က အသက် ၃၀ အရွယ် ယာဉ်မောင်းအမျိုးသားအပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့မှာ လက်နဲ့ခေါင်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရီးသည်တင်ကားပေါ်က အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်တို့မှာတော့ နဖူးပေါက်၊ လက်နဲ့ ခါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို နောင်ချိုမြို့နယ်မီးသတ်၊ သက်ဆိုင်ရာနဲ့ အရပ်ဖက် လူမှုကူညီရေးအသင်းတွေ ပူးပေါင်းလာရောက် ကူညီကယ်ဆယ်ခဲ့ကြပြီး ထိခိုက် ဒဏ်ရာရသူ ၈ ယောက်လုံးကို နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားပြီး မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024