စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့က နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံနေအိမ်တချို့လည်း ဖောက်ထွင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်က ဒေသခံနေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတာ လို့ဆိုပါတယ်။
ခမ်းပတ်မြို့က ဒေသခံတယောက်က "နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုဝင်တွေကတော့ အခက်အခဲဖြစ်တယ်ဗျ။ ခမ်းပတ်မှာက ပထမဆုံးမီးရှို့ခံရတာ။ စစ်စခန်းအနီးက နေအိမ်တွေကို မီးရှို့တာ။ ကျန်တဲ့မြို့တွင်းကအိမ်တွေလည်း ဖောက်ထွင်းခံရတာတွေ ရှိတယ်။ ဘယ်သူတွေက ဖောက်ထွင်းလဲတော့မသိဘူး။ တချို့ဈေးဆိုင်က ဈေးပစ္စည်း ခိုးခံရတာတွေလည်းရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ ခမ်းပတ်မြို့က ဒေသခံ ၁ သောင်းခွဲကျော်ဟာ အိန္ဒိယနယ်စပ်နဲ့ ကလေးမြို့ဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြပြီး နေထိုင်စားသောက်ရေး အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင် တတိယပတ်ကစဖြစ်ခဲ့တဲ့ ခမ်းပတ်မြို့တွင်းတိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတယောက်သေဆုံးခဲ့သလို စစ်ရှောင်ရာကနေ မိမိရဲ့နေအိမ်ကိုပြန်တဲ့ ဒေသခံအမျိုးသား ၂ ယောက်လည်း စစ်ကောင်စီက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။