Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က ရေချိုငါးတင်သွင်းမှု ကန့်သတ်သဖြင့် နယ်စပ်ကုန်သွယ်မှု ဆိုးဆိုးရွားရွား ထိခိုက်
DVB
·
August 4, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေချိုငါး ဝယ်လိုအားကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ဆိုးရွားစွာ ထိခိုက်ကျဆင်းနေတယ်လို့  နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

အရင်က မြန်မာနိုင်ငံဘက်က ရေချိုငါးတင်သွင်းမှုကို အကန့်အသတ်မရှိ တင်သွင်းနိုင်ခဲ့ပေမဲ့ ဧပြီလကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကန့်အသတ်နဲ့သာ မှာယူတဲ့အတွက် ကုန်သွယ်မှု ကျဆင်းသွားတာလို့ ကုန်သည်တွေက ပြောကြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုတန်ဖိုး ရာခိုင်နှုန်း ၇၀ နီးပါးခန့်ရှိတဲ့ ရေချိုငါးတင်ပို့မှုကို ကန့်သတ်လိုက်တဲ့အတွက် ကုန်သွယ်မှုအခြေအနေမှာ ဆိုးဆိုးရွားရွား ကျဆင်းနေတယ်လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။

“ဧပြီလကတည်းက ရေချိုငါးတင်သွင်းမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကန့်သတ်လိုက်တာကြောင့် ကျနော်တို့ ကြိုက်သလောက် ပို့လို့မရတော့ဘူး။ တပတ်ကို မော်တော်ဘုတ်နှစ်စီးလောက်ပဲ တင်ပို့လို့ရတော့တယ်။ အဓိက ကန့်သတ်လိုက်တာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံခြားသုံးငွေ အရန်ငွေနည်းနေတာကြောင့် ကန့်သတ်လိုက်တာလို့ သိရတယ်။”

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဧပြီကနေ ဇူလိုင်လအထိ ၄ လအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၁ သန်းခန့်ရှိခဲ့ပြီး အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဧပြီလကနေ ဇူလိုင်အတွင်း လေးလတာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုးမှာ ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ရေချိုငါးတင်သွင်းမှု ကန့်သတ်ချက် အပါအဝင် ငွေကြေးကန့်သတ်ချက်တွေကြောင့်လည်း ကုန်သွယ်မှု ကျဆင်းသွားတာလို့ နောက်ထပ် နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။

“ကုန်သွယ်မှုကတော့ ဆိုးဆိုးရွားရွား ကျဆင်းနေတယ်ဗျာ။ အဓိကတော့ အစိုးရရဲ့ ငွေကြေးပေါ်လစီတွေကြောင့် ကုန်သည်တွေက အရှုံးပေါ်ကြတာတွေရှိကြတယ်။ နောက် အများဆုံး ပို့ကုန်ဖြစ်တဲ့ ရေချိုငါးကန့်သတ်ချက်ကြောင့် ကျဆင်းသွားတာ။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက ငါးမြစ်ချင်း ရေချိုငါးကို အဓိက တင်သွင်းတာဖြစ်ပြီး အဲဒီရေချိုငါးတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကနေ  အဓိက မှာယူတင်သွင်းတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ချင်း (ဂျင်း) စိုကိုသာ တင်ပို့မှု အများဆုံးဖြစ်ပြီး မန်ကျည်းစေ့နဲ့ ဟင်းသီးဟင်းရွက်တချို့ကိုသာ တင်ပို့နေရတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ “မိုခါ” မုန်တိုင်းကြောင့် ပုံမှန်မလည်ပတ်နိုင်သေးသလို ရေချိုငါးတင်သွင်းမှုပါ ကန့်သတ်ချက်ကြောင့် ကုန်သွယ်မှုမှာ ဆိုးရွားစွာ ထိခိုက်နေပါတယ်။

အရင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရေထွက်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေးသီးနှံတွေကို တင်ပို့နေတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွပ်၊ သံထည် စတဲ့ ဆောက်လုပ်ရေးပစ္စည်း‌ေတွ ပြန်လည်တင်သွင်းပါတယ်။

၂၀၂၃ ခုနှစ် ဧပြီမှ ဇူလိုင်လအထိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ဆိပ်ကမ်း) မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုး ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး စစ်တွေ ကုန်သွယ်ရေးစခန်း (ရွှေမင်းဂံဆိပ်ကမ်း) မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024