ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ကျောင်းသား/သူတွေ ပညာသင်ကြားဖို့အတွက် မြန်မာနိုင်ငံ တရားမျှတမှုအတွက် လွတ်လပ်သော ကက်သလစ်ဘာသာဝင်များ (ICJM) အဖွဲ့က သွပ်မိုး၊ ထရံကာ စာသင်ဆောင် လှူဒါန်းခဲ့တယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
ICJM အဖွဲ့ဝင်တဦးက “သူငယ်တန်းကနေ ပဉ္စမတန်းထိ ရည်ရွယ်ပြီး အခန်း ၆ ခန်းပါတဲ့ စာသင်ဆောင်ကို လှူဒါန်းခဲ့တာပါ။ တထောင့်တနေရာကနေ ပါဝင်အားဖြည့်ပေးတဲ့ မိဘပြည်သူ စေတနာရှင်အားလုံးကို ICJM အဖွဲ့က အထူးကျေးဇူးတင်တယ်” လို့ ပြောပါတယ်။
ကယား(ကရင်နီ)ပြည်နယ်က စစ်ဘေးရှောင်ပြည်သူလူထုတွေကို အခြေခံစားသောက်ကုန်တွေ အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ICJM အဖွဲ့က တတ်စွမ်းသမျှ စဉ်ဆက်မပြတ် ကူညီပေးတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။
ICJM အဖွဲ့ဟာ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပရဟိတအဖွဲ့တခု ဖြစ်ပါတယ်။ စစ်တပ်က မတရားအာဏာသိမ်းမှုမှာ တရားတဲ့ ပြည်သူတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်နေကြတဲ့ ကက်သလစ်ဘာသာဝင်တွေနဲ့ ၂၀၂၁ ခုနှစ်မှာ ICJM ကို စုဖွဲ့ထားတာ ဖြစ်ပါတယ်။