မကွေးတိုင်း၊ ရေစကြိုနဲ့ မြိုင်မြို့နယ်တွေက စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းတွေကို သြဂုတ် ၃ ရက် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေက မောင်းသူမဲ့ လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်ကာ မောင်းသူမဲ့ လေယာဥ်တစီး စက်ချွတ်ယွင်းဆုံးရှုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။
ရေစကြို-ပခုက္ကူ ကားလမ်းပေါ်မှာ အပြစ်မဲ့ပြည်သူတွေ၊ လမ်းသွားလမ်းလာ ပြည်သူတွေ၊ မော်တော်ယာဥ်တွေဆီကနေ ငွေညှစ်တာတွေ၊ မတရားဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဆင်ချောင်းကျေးရွာက ပျူစောထီးတွေကို သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီလောက်မှာ မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
မြိုင်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်းကို ညနေ ၅ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဥ်နဲ့ ဗုံး ၅ လုံး ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ ရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမဲ့ မောင်းသူမဲ့ လေယာဥ်တစီးကတော့ စက်ချွတ်ယွင်းပြီး ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို SSTF (Shar Htoo Waw နည်းပညာ Team 4)၊ Team 3 PDAF၊ MSDF၊ မြိုင်ပကဖ တပ်ရင်း-၂ တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။