မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ရှိ၊ အ.ထ.က (၉) အခြေခံပညာ အထက်တန်း ကျောင်းမှာ သြဂုတ် ၃ ရက် ညသန်းခေါင်လောက်က မီးလောင်မှု ဖြစ်ပွားပြီး နှစ် ၁၀၀ ကျော် သက်တမ်းရှိ နှစ်ထပ် ကျောင်းဆောင်အပါအဝင် စာသင်ဆောင်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားပါတယ်။
မီးလောင်မှုကို မြို့ခံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေးသမားတွေအပါအဝင် ဒေသခံတွေက မီးကိုဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် သြဂုတ် ၄ ရက် မနက် ၁ နာရီ မိနစ် ၅၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးတာဝန်ရှိသူက ပြောပါတယ်။
မြို့ခံတယောက်က “မီးကများပါတယ်။ စာသင်ကျောင်းတကျောင်းလုံးနီးပါးလောက် မီးလောင်သွားတာ။ ဝါယာရှော့ခ်ကနေ လောင်တာ။ ၂ နာရီကြာလောက် မီးသတ်သမားတွေက ငြှိမ်းရတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေကစုံ စမ်းစစ်ဆေးနေတုန်းပဲ”လို့ ပြောပါတယ်။
အဲ့ဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level အဆင့် ၄ သတ်မှတ်ပြီး မီးသတ်ကား ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ လူမှုကယ်ဆယ်ရေးနဲ့ မီးသတ်ရေသယ်ယာဉ် ၁၆ စီးနဲ့ စုစုပေါင်းယာဉ်အစီး ၃၀ ကျော်နဲ့ ရေဂါလံ ၆၀၀၀၀ ကျော် အသုံးပြု မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးသတ်ရာမှ ပါဝင်ခဲ့တဲ့ ပရဟိတသမား ၁ ဦးက “ကျောင်းအုပ်ကြီး အဆောင်အနောက်က ဝါယာရှော့ခ် ဖြစ်ပြီး မီးစလောင်တာပါ၊ သန္ဓေမီးသတ်တပ်ဖွဲ့က မီးသတ်သမား တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသွားသူကတော့ မြို့နယ်မီးသတ်စခန်းက တပ်ကြပ်ကြီးငြိမ်းချမ်းဖြစ်ပြီး သူ့ရဲ့ ယာဘက်လက်ဖမိုးမှာ မှန်ကွဲပြတ်ရှဒဏ်ရာ အနည်းငယ်ရခဲ့တာဖြစ်ပြီး မစိုးရိမ်ရဘူးလို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
စာကျောင်း အလယ်ဆောင်ကနေ ၃ ထပ်ဆောင်ထိ မီးလောင်သွားပြီး စာသင်ကျောင်းသွပ်မိုး၊ အုပ်ညှပ်ပျဉ်ကာ ပျဉ်ခင်း ၂ ထပ်၊ ၊သွပ်မိုး ပျဉ်ကာပျဉ်ခင်း ၃ ထပ် ပေါ်ထပ်၊ စာသင်ခုံတွေ စုစုပေါင်း ကျပ် ၂၇၃ သိန်းခန့် ဆုံးရှုံခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကျောင်း အဆောက်အဦ ၂ ခုအပါအဝင် စာသင်ခန်းသုံးပစ္စည်းတွေ၊ စာရွက်စာတမ်း၊ စာအုပ်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
မီးလောင်မှုကြောင့် ကျောင်းသား ၁၀၀၀ ကျော်လောက် ပညာသင်ကြားနေတဲ့ စာသင်ကျောင်းကို ယာယီပိတ်ထားလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး ကျောင်းစောင့် ဦးဝင်းဌေးကို မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။
မီးလောင်ခဲ့တဲ့ ၂ ထပ်ကျောင်းဆောင်ဟာ ၁၈၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းလို့ လူသိများပြီး အမျိုးသားကျောင်းတွေ မပေါ်ပေါက်ခင် ကိုလိုနီခေတ်ကတည်းက တည်ထောင်ခဲ့တဲ့ကျောင်း ဖြစ်ပါတယ်။
မွန်ပြည်နယ်ထဲမှာ ပေါ့ဆမီးတွေကြောင့် မီးလောင်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်လာနေပြီး မီးလောင်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသလို လူနေအိမ် ဆုံးရှုံးရတာလည်း အများအပြား ရှိထားပါတယ်။
ဓာတ်ပုံ - မော်လမြိုင်မီးသတ်၊ အေးမြကြည်လင်အသင်း)