Home
ဆောင်းပါး
ဖြစ်ရလေ သာဝရယ်
DVB
·
August 4, 2023

မင်းအောင်လှိုင်၏ သက်တမ်းတိုးခြင်း၊ မတိုးခြင်းကို တကယ်တမ်း မည်သူမျှ စိတ်မဝင်စားလှ၊ ဘာများ အကွက်ဆန်းထွင်လာလေမည်နည်းကိုသာ စောင့်ကြည့်နေကြခြင်းမျိုးသာ ရှိသည်။

သူ့အနေနှင့် အမှန်တွင် သက်တမ်းတိုးစရာ မလို၊ သို့သော် ဖွဲ့စည်းပုံကို ဗန်းပြပြီး အာဏာသိမ်းခဲ့ရ၍သာ ဟန်ဆောင်ပန်ဆောင် လုပ်ပြနေရခြင်းမျိုးသာ ဖြစ်သည်။

သို့သော် ရယ်စရာအကောင်းဆုံး ဖြစ်လာရသည်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ရန် သက်တမ်းတိုးရပါသည်ဆိုသော စကားပင် ဖြစ်သည်။

ကမ္ဘာတွင် အရေးပေါ်အခြေအနေ အဆုံးသတ်ပြီးမှ ကျင်းပနိုင်သော ဒီမိုကရေစီရွေးကောက်ပွဲ ဆိုသည်မျိုး မည်သည့်အခါက ရှိခဲ့ဖူးပေသနည်း။

မည်သို့ပင်ဆိုစေ ၂၀၂၃ ဩဂုတ်လတွင် ပြုလုပ်မည်ဟု ကတိပေးခဲ့သည်ကို ယခုလို အရှက်ကင်းမဲ့စွာ သက်တမ်းတိုးလာနေရခြင်းကပင် ၎င်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်လောက်သည့် အခြေအနေမျိုးမရှိ၊ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိ ဆိုသည်ကို ဝန်ခံလိုက်ရခြင်း ဖြစ်သည်ဟု နိုင်ငံတကာသတင်းများက ဗွေဆော်ဦး ဝေဖန်လာပြီ ဖြစ်သည်။ တဖက်တွင်လည်း ခြောက်လအတွင်း စစ်အနိုင်တိုက်ရေးဟု ကြွေးကြော်လိုက်ခြင်းပင် ဖြစ်သည်။

ရွေးကောက်ပွဲလုပ်ရန် ဆိုသည်ကလည်း နိုင်ငံတကာအား စောင့်ကြည့်ပေးကြပါရန် အချိုသတ်လိုက်ခြင်းမျိုးသာဖြစ်ပြီး သူ့အနေနှင့် အခြေအနေကို တိုးတက်အောင်လုပ်ဖို့ မဆိုထားဘိ၊ လက်ရှိအနေအထားအတိုင်း ဆက်၍ ရပ်တည်နိုင်အောင်ပင် ကျားကုတ်ကျားခဲ ရုန်းကန်ရပေဦးမည် ဆိုသည်ကို တတိုင်းပြည်လုံးက သိမြင်နေကြပြီး ဖြစ်သည်။

လူထု၏ထောက်ခံမှု တစက်ကလေးမျှပင် မရှိဘဲ ပြောသမျှ ခေါင်းညိတ်ရမည့်လူ ၁၁ ဦးအား ‌ကာလုံအစည်းအဝေး အမည်တပ်ကာ သက်တမ်း အကြိမ်ကြိမ်တိုးနေခြင်းသာ ဖြစ်သည်။ ထိုသို့ တက်ရောက်၍ ခေါင်းညိတ်ခဲ့ရသူများထဲတွင် ဦးဟင်နရီဗန်ထီးယူ တယောက်လည်း ပါဝင်လာခဲ့သည်။

နှစ်နှစ်ခွဲကြာသည့်အထိ တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိသည့် စစ်ခေါင်းဆောင်တယောက်အနေဖြင့် အရှက်တရားလေး အနည်းငယ်သာရှိသည်ဆို‌ဦး ရာထူးက ဆင်းပေးရခြင်း၊ ယခုလို ပေကတ်နေပါက ဖယ်ရှားခံရခြင်းမျိုး မလွဲမသွေ ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။

ယခုလို အနေအထားကို သုံးသပ်ရမည်ဆိုက စစ်တပ်တွင် သူ့လောက်ပင် အရည်အချင်းရှိသူ တဦး တယောက်မျှ မရှိဆိုသည့် စကားသည် မှန်ကန်ကြောင်း သက်သေပြနေသလိုပင် ဖြစ်သည်။ အေပီသတင်းကပင် စစ်တပ်တွင် လူအင်အားနှင့် လက်နက်အင်အား အဆမတန် သာလွန်နေပါလျက် အရှုံးများနှင့်သာ ရင်ဆိုင်နေရသည်ဟုပင် ရေးသားလာခဲ့သည်။

ထို့အတွက်ကြောင့်လည်း တူမီးသေနတ်နှင့် စခဲ့သည့် တော်လှန်ရေးသည် နေပြည်တော်ကိုပင် ခြိမ်းခြောက်လာနိုင်သည်အထိ လျင်မြန်စွာ အရှိန်ရလာခဲ့ခြင်းဖြစ်‌၍ ပြည်သူများအတွက် ၎င်း၏ ခေါင်းဆောင်မှုသည် blessings in disguise တနည်းအားဖြင့် ကံကြမ္မာ၏ မျက်နှာသာပေးမှုကြီးသာ ဖြစ်‌လာပေတော့သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးအကြိမ် သက်တမ်းတိုးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း ၎င်း၏ လက်ပါးစေတပ်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၈၃ ဦး သေဆုံးသွားခဲ့ရသည်ဟု International Myanmar Peace Monitor အဖွဲ့၏ ထုတ်ပြန်ချက်ကို RFA တွင် ဖော်ပြထားသည်။

အာဏာသိမ်းအဖွဲ့သည် မည်သို့ပင် စကားတန်ဆာများနှင့် လိမ်ညာလှည့်ဖြား ပြောဆိုနေစေကာမူ ၎င်းတို့ ကျူးလွန်နေသော ရာဇဝတ်မှုများကို နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးများ၊ လူ့အခွင့်အရေးကော်မရှင် စသည့် အဖွဲ့အစည်းများက သက်သေအထောက်အထား အပြည့်အစုံနှင့် မှတ်တမ်းတင်နေကြပြီ ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းအကူအညီပေးရေးရုံးက ဇူလိုင် ၁၅ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လူပေါင်း နှစ်သန်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းတတိုင်းတည်းက လူ ရှစ်သိန်း ပါဝင်နေသည်ဟု ဆိုသည်။

မင်းအောင်လှိုင်နှင့်အဖွဲ့က “အကြမ်းဖက်သမားများ” ဟု ကင်ပွန်းတပ်ခံထားရသော ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခံ CRPH, NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူများ၏ အထောက်အပံ့တခုတည်းဖြင့် ရပ်တည်၍ ကြံ့ကြံ့ခံတွန်းလှန်နေကြပြီ ဖြစ်သည်။ ထိုသို့ အခြေအနေမျိုးသာ မရှိခဲ့ပါက ၎င်းတို့၏ နှိပ်စက် အနိုင်ကျင့်မှုများကို လူထုကြီးတရပ်လုံး မည်မျှအထိ ခံရမည်ကို တွေးပင် မတွေးဝံ့အောင်ပင်။

ကမ္ဘာ့ဘဏ်က နိုင်ငံတဝန်း အစာအာဟာရ ချို့တဲ့မှုများနှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာ ထုတ်ပြန်ပြီး တလမပြည့်ခင် ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ပြန်သော ပြန်တမ်းတွင် စစ်ဘက် ပင်စင်စားများ၏ လစာကို ကျပ် ၂,၀၀၀ မှ ၁၅ သိန်းအထိ အဆင့်ဆင့် တိုးမြှင့်လိုက်ကြောင်း ပါရှိလာသည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။ အဓိကအားဖြင့် မဆလ၊ ငြိမ်ပိနှင့် နဝတ အရာရှိကြီးများကို ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

မင်းအောင်လှိုင်သည် ၎င်းတို့ အသက်ဆက်နိုင်ရေးအတွက် အခွန်ထမ်းပြည်သူများ၏ ငွေများ၊ တိုင်းပြည်၏ သယံဇာတများကို ထုတ်ရောင်းရငွေများဖြင့် စစ်ယန္တရားကြီးအား အဆက်မပြတ် ဖြည့်တင်း‌နေရပေသည်။

ပြည်သူများအဖို့ ယခုလို ဓာတ်ပြားဟောင်းကြီး ထုတ်ပြလိုက်ခြင်းကြောင့် ဝေဝါးသွားစရာ မရှိတော့သည်ကလည်း အဆိုးထဲက အကောင်းပင် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာသိမ်းအဖွဲ့က သဘောထားကြီးကြောင်း ပြသလိုဟန်ဖြင့် စွပ်စွဲထားသော အမှု ၁၉ မှုထဲမှ ၅ မှုအား ရုပ်သိမ်းပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ပြန်ကြောင်း ဗြောင်လိမ်ဗြောင်စား လုပ်လာပြန်သည်။

ထိုသို့ လျှော့ပေါ့ပေးမှုကြောင့် စုစုပေါင်းကျခံရမည့် ပြစ်ဒဏ် ၃၃ နှစ်မှ ၆ နှစ် လျှော့ပေါ့သွားခဲ့သည်။ အလားတူ လုပ်ကြံစွပ်စွဲထားသော အမှုရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အားလည်း နှစ်မှုရုပ်သိမ်းပြီး လေးနှစ် လျှော့ပေါ့ပေးလာသည်။

တကယ်တမ်းတွင် ထိုအမှုများသည် နဂိုကတည်းက မည်သို့မျှ စွဲချက်တင်ထိုက်သည့်အမှုများ မဟုတ်ဘဲ လူကြား၍မကောင်း စွပ်စွဲထားသည့် ဝေါ်ကီတော်ကီအမှု၊ လမ်းပေါ်ထွက် လက်ပြ၍ ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုမျိုးသာ ဖြစ်နေပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်သည် ကလေးသာသာအတွေးမျိုးဖြင့် လူထုနှင့် နိုင်ငံတကာကို လှည့်စားရန်သက်သက် ဖြစ်သည်ကို အထင်အရှား တွေ့နေရသည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်မှ သက်ညှာပေးခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့ အရူးထမှုများကို ပြန်ရုပ်သွားခြင်းမျိုးသာ ဖြစ်ပေသည်။

သို့သော် နိုင်ငံတကာနှင့် လူထုတရပ်လုံးက သူမအပေါ် စွဲဆိုထားမှုအားလုံးသည် သူမအား သိက္ခာချရန်၊ နိုင်ငံရေးနယ်ပယ်သို့ ပြန်၍ခြေချခွင့်မရှိစေရန်နှင့် ၎င်းတို့၏ အာဏာသိမ်းမှု တရားဝင်ကြောင်း ပြသနိုင်ရန် ရည်ရွယ်လုပ်ဆောင်မှုအဖြစ် လက်မခံဘဲ ဝိုင်းဝန်း ရှုတ်ချထားခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံပေါင်းများစွာရှိ အစိုးရများကလည်း သူမနှင့်အတူ မတရား ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။

ထိုကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက မိခင်ကြီးအား လုပ်ကြံစွပ်စွဲထားသော အမှုများ ရုပ်သိမ်းပြီး လုံးဝလွှတ်ပေးမှ ဖြစ်မည်ဟု တောင်းဆိုလိုက်သည်။

စစ်တပ်သည် မိခင်ဖြစ်သူအား ခုတုံးလုပ်၍ နိုင်ငံရေးအရ လုပ်စားနေခြင်းသက်သက်သာ ဖြစ်သည်ဟုလည်း လန်ဒန်ထုတ် The Independent သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

သူ၏အပြောကို လတ်တလော သက်သေပြလိုက်သည်က နှစ်သောင်းတန် ပိုက်ဆံများ ထုတ်ဝေမည်ဆိုသော ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းများတက်ကာ လှုပ်လှုပ်ရွရွ ဖြစ်လာနေသည်ကို အာရုံလွှဲနိုင်ရန်နှင့် သူမအား အကျယ်ချုပ်ဖြင့် နေပြည်တော်ရှိ အစိုးရအိမ်သို့ ရွှေ့ပြောင်းပေးမည်ဆိုသည့်အပေါ် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအကြား မည်သို့ တုံ့ပြန်လာမည်ကို သိနိုင်ရန် တဖက်လှည့်နှင့် သတင်းပေါက်ကြားသယောင် ထုတ်လွှင့်လာခဲ့ခြင်းပင် ဖြစ်သည်။ အင်္ဂလိပ်စကားဖြင့်ဆိုလျှင် straw လုပ်သည်ဟု ဆို၍ ရသည်။ လေမည်သည့်ဘက်သို့ တိုက်နေသည်ကို သိရန် ကောက်ရိုးမျှင်ကလေးထောင် စမ်းသပ်ခြင်းမျိုးကို ရည်ရွယ်ခေါ်ဆိုခြင်းပင် ဖြစ်သည်။

တဖက်တွင်လည်း မင်းအောင်လှိုင်သည် သန်းရွှေ၏ ထောက်ခံမှုရရန် ၂၀၀၈ ဖွဲ့စည်းပုံအား ပယ်ဖျက်ရဲခြင်း မရှိရှာသဖြင့် ခြောက်လတကြိမ် သက်တမ်းတိုးကာ အသက်ဆက်နေရပြန်သည်။ တကယ်တမ်းတွင် ဘာမဆိုလုပ်ရဲသူသည် ဖွဲ့စည်းပုံကို ပယ်ဖျက်သည်ဟု ကြေညာရဲပါက ထိုသို့ ခြောက်လတကြိမ် အရှက်ကွဲခံနေစရာပင် မလိုပေ။

ဘင်နဒစ်ရောဂျားက The Spectator မဂ္ဂဇင်းတွင် အာဏာသိမ်းအဖွဲ့သည် လူထုမှ တရားဝင် ရွေးကောက်တင်မြှောက်ထားသော နိုင်ငံ၏ အစစ်အမှန်ခေါင်းဆောင်များကို ဖမ်းဆီးထားနိုင်မှသာ အုပ်ချုပ်နိုင်သည့် အဆင့်သာရှိ၍ မည်သို့မျှ တရားမဝင်ဟု ရေးသားလာခဲ့သည်။

ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များ ပါဝင်နိုင်ခြင်းမရှိဘဲ ၎င်းလုပ်မည့် ရွေးကောက်ပွဲမျိုးသည်လည်း မျှတမှုရှိပြီး တရားဝင်လာမည်ဟုလည်း မည်သူမျှ အယုံအကြည်မရှိ ဖြစ်နေသည်။ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲရလဒ်ကို ၎င်းအလိုကျ ကလိမ်ကကျစ်လုပ်၍ ရနေသည့်တိုင်အောင် စိတ်ချယုံကြည်နိုင်ခြင်း မရှိ၊ မစွန့်စားရဲ ဖြစ်နေပြီး ယခုပုံစံအတိုင်း သေနတ်ပြ၍ အုပ်ချုပ်သွားရန်သာ လိုလားနေသူဖြစ်သည်ဟု ရေးသားထားခဲ့သည်။

နိုင်ငံသားတို့၏ အခြေခံ လူ့အခွင့်အရေးများကိုပင် ဗြောင်ကျကျ ဖောက်ဖျက် ကျူးလွန်နေသော စစ်ဗိုလ်ချုပ်များ ပါးစပ်ကထွက်လာသည့် “ဒီမိုကရေစီ” ဆိုသည့် စကားထက် ပို၍ ရယ်စရာကောင်းသော ပြက်လုံးမျိုး ရှိနိုင်ဦးပေမည်နည်း။

လူထု၏ ပူးပေါင်းပါဝင်မှုမရှိဘဲ ဘုရားပွဲလာ ပရိသတ်အားကိုးဖြင့်သာ နိုင်ငံကို ဆက်၍ အုပ်ချုပ်သွားနိုင်ရန် အဆင်အခြင်မဲ့စွာ စိတ်ကူး ဖဲရိုက်နေကြခြင်းမျိုးထက် မပိုပေ။

ယခုလည်း ထိုသို့ လူတဦးတယောက်၏ မိုက်မဲမှုဒဏ်ကို ပြည်သူများ ကျောကော့အောင် ခံနေကြရသည် ဆိုသည်ကို “လူထုနွေဦး” ‌စာမျက်နှာတွင် နှိုင်းယှဉ်ဖော်ပြထားသည်ကို ပုံတွင် တွေ့နိုင်ပေသည်။

စစ်ရေးဘက်တွင်လည်း တော်လှန်‌ရေးအင်အားစုများက နေရာတကာတွင် အသာစီး ရလာနေမှုကြောင့် အာဏာသိမ်းအဖွဲ့သည် စစ်ရာဇဝတ်မှုများကို တိုး၍ ကျူးလွန်လာနေပြီ ဖြစ်သည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း အဖွဲ့အစည်းများ၏ ထိန်းချုပ် နယ်မြေများသို့ မည်သို့မျှ ထိုးဖောက်၍မရအောင် အရေးနိမ့်ပြီးရင်း နိမ့်လာနေသည်ဟု ဆိုသည်။ မကွေး၊ စစ်ကိုင်း၊ မန္တလေး ဒေသကြီးများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများ တီထွင်ဖန်တီးကာ အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချအောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024