Home
မြန်မာသတင်း
အညာဒေသတွင် စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများ ကျောင်းပညာရေး အခက်ကြုံ
DVB
·
August 3, 2023

အညာဒေသမှာ အခြေခံပညာစာသင်ကျောင်းတွေ ပြန်ဖွင့်နေပေမဲ့ အုပ်ထိန်းသူတွေအနေနဲ့ သူတို့သားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်နေကြတယ်လို့ ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို ခုခံတော်လှန်စစ် အားကောင်းတဲ့ ဒေသတွေမှာ စစ်တပ်က နှစ်ဖက်တိုက်ပွဲ ဖြစ်တာတွေနဲ့ လက်နက်ကိုင်အင်အားစုတွေမရှိဘဲ အရပ်သားနေထိုင်တဲ့ နေအိမ်တွေပေါ် လေယာဉ်နဲ့ဗုံးကြဲတာ၊ ရွာတွေထဲ စစ်ကြောင်းတွေဝင်တာ စတာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေ စိုးရိမ်နေကြတာပါ။

စစ်ကိုင်းတိုင်းထဲရှိ ကိုယ်ထူကိုယ်ကျောင်းမှ ဆရာမတယောက်က “ကျောင်းက ပြန်ဖွင့်နေတာမှ အခု စစ်ကြောင်းက ဒီဘက်ရောက်လာတာ။ ဟိုးတနေ့ကတည်းက ရောက်နေတာဆိုတော့ နှစ်ရက်လောက်ဖွင့်ပြီး အခု ပြန်ပိတ်ရပြန်ရော။ ဒုန်းဒုန်းဒုန်းဆိုရင် မိဘတွေကျတော့လည်း စိတ်ပူကြတာဆိုတော့ ကလေးတွေကို မလွှတ်ရဘူးလေနော်။ စစ်ကြောင်းကျတော့ ဆရာမတို့ သတင်းတွေ နားစွင့်ပြီးတော့ လာတယ် မလာဘူးဆိုပြီး အာမခံနိုင်သေးတယ်။ အပေါ်ကလာတဲ့ဟာကျတော့ ဆရာမတို့လည်း မမြင်နိုင်ဘူးဆိုတော့လေ။ လေယာဉ်ကတော့ မလာပါဘူးလို့ အာမမခံနိုင်ဘူးလို့၊ ဆရာမရင်ဘတ်ကြီးနဲ့ အုပ်ထားလို့ရရင်တော့ လာခဲ့ကြ ကျောင်းတက်ကြပါလို့ ခေါ်ချင်တာပေါ့။ ကြောက်တဲ့မိဘတွေနဲ့ တွေ့တဲ့ကလေးကျတော့ စာမသင်ဘဲ နေရတယ်။ အဲတခုပေါ့၊ ကလေးတွေဘဝ ဘယ်လောက်သနားစရာကောင်းလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ကျောင်းတွေမှာ ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသားပေါင်း ၆ သန်းကျော် တက်ရောက် ပညာသင်ယူနေတယ်လို့ ထုတ်ပြန်ထားပေမဲ့ အညာဒေသက ကလေးတွေရဲ့ ပညာရေးကတော့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့‌ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် မူတည်နေတာ ဖြစ်ပါတယ်။

သားသမီးတွေရဲ့ ပညာရေးကို စိတ်ပူနေရသလို ကလေးတွေရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေတဲ့အတွက် အခုတလော ကျောင်းမပို့ဖြစ်တဲ့အကြောင်းကို စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ကြားကာလ ပညာသင်ကျောင်းမှာ ကလေးကို ကျောင်းထားတဲ့ မိဘတယောက်က ပြောပါတယ်။

“သူတို့ အာဏာမသိမ်းခင်ကတည်းက ကလေးတွေပညာရေးက နောက်ဆုတ်နေတာ ကြာပြီ။ ကျနော်တို့တိုင်းပြည် နိုင်ငံတခုရဲ့ အဓိက ပညာရေးပဲ။ ပညာလည်း ကလေးတွေကို တတ်စေချင်တယ်။ ကျနော်တို့မိဘတွေကျတော့လည်း စစ်ကြောင်းတွေလည်း ခဏခဏ ဝင်လာတတ်တယ်ဆိုတော့ ကျနော်တို့လို ကျောင်းသားမိဘတွေအနေနဲ့က အတော်လေးကို စိုးရိမ်ရပါတယ်။ နောက် မထင်မှတ်ဘဲ လေယာဉ်နဲ့ လာလာပစ်တာမျိုးကျ ကလေးတွေက သက်စွန့်ဆံဖျားပေါ့ဗျာ။ ပညာရေးကလည်း၊ ကျောင်းက ကလေးတွေ ပညာတတ်စေချင်လို့သာ ထားနေရတာပါဗျာ။ စာသင်ရတဲ့အခါမှာ မိဘတွေကလည်း စိုးရိမ်နေရတာပေါ့။”

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီကျောင်းတွေလည်း ပြန်ဖွင့်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ စီမံခန့်ခွဲမှုအောက်က ကြားကာလ ပညာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေလည်း ဖွင့်လှစ် သင်ကြားပေးနေတာတွေ ရှိပါတယ်။

စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ကြားကာလကျောင်းကို ဦးတည်တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူကြီးမိဘတွေ ပူးပေါင်းပြီး ကလေးတွေရဲ့ ပညာရေးကို မြှင့်တင်ပေးကြဖို့ကိုလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

“စာသင်ကျောင်း စာသင်ခန်းတွေကို ပုံစံတမျိုးနဲ့လုပ်မယ်။ ဗုံးခိုကျင်းတွေတူးမယ်။ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်လေ့ကျင့်တာတွေ လုပ်မယ်ဆိုရင် ဒီကိစ္စတွေကို မိဘတွေဘက်က စိတ်ပူတာတွေ သက်သာသွားမယ်လို့ ကျနော်ထင်ပါတယ်။ အရင်တုန်းကလိုပဲ သေစာရှင်စာတတ်လောက်ရင်ပဲ ရပြီဆိုတာမျိုး မဟုတ်ဘဲနဲ့ တော်လှန်ရေးကာလအတွင်း ကြားကာလအတွင်းမှာ သင်ရတဲ့ ပညာရေးစနစ်ကိုလည်း အဆင်အတန်းမီတဲ့ ဘယ်နိုင်ငံနဲ့မဆို ဘယ်နေရာမှာမဆို ရင်ဘောင်တန်းနိုင်တဲ့ ပွဲဝင်နိုင်တဲ့ ပညာရေးပုံစံမျိုးတော့ လိုချင်တယ်။ ဒါ့ကြောင့် ဦးစီးဦးဆောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးရော တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားတွေ မိဘတွေ ပြည်သူတွေ အကုန်လုံးက ပညာရေးက တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတခုအနေနဲ့ ပါတယ် ဆိုတာကို နားလည်စေချင်ပါတယ်။”

တချို့ဒေသတွေမှာတော့ ဆရာနဲ့ မိဘတွေက ကလေးတွေကို စာသင်ရင်းနဲ့ စစ်ကြောင်းလာရင် ပြေးလွှားရင်း ဗုံးခိုကျင်းတွေထဲမှာ ပညာရေးကို ဆက်လက်သင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေလ ၃၁ ရက်မှာ စစ်ကိုင်းတိုင်း ကနီမြို့နယ် ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းကိုလည်း တိုက်ခိုက်ရေးလေယာဉ် Mi35 နဲ့ ပစ်ခတ်တာကြောင့် ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပြီး ကလေးနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ ဒေသတွေကို ပစ်မှတ်ထားကာ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို ဦးတည်ပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုလုပ်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024