Home
မြန်မာသတင်း
မြန်မာရေတပ်အတွက် စစ်ပစ္စည်း တင်သွင်းရောင်းချသည့် ဂျာမနီကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ
DVB
·
August 3, 2023

မြန်မာစစ်တပ်ရဲ့  စစ်ရေယာဉ် မုတ္တမအတွက် အဓိက ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းရောင်းချခဲ့တဲ့  ဂျာမနီကုမ္ပဏီ MAN Energy Solutions အပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ Justice For Myanmar ထုတ်ပြန်ချက်အရ သိရပါတယ်။

Volkswagen Group ရဲ့ လက်အောက်ခံ MAN Energy Solutions SE ဟာ စစ်ရေယာဉ်ရဲ့ ပင်မအင်ဂျင်၊ ပါဝါသုံးပစ္စည်းတွေ၊ ပန်ကာနှင့် ပန်ကာထိန်းချုပ်မှုစနစ်၊ ထိန်းချုပ်ရေးနှင့် ပန်ကာသုံး ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ပြီး မြန်မာ့ရေတပ်စစ်သည်တွေကို တောင်ကိုရီးယားနိုင်ငံမှာ လေ့ကျင့်ပေးခဲ့တဲ့အပြင် ဒိန်းမတ်နိုင်ငံက သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံ၊ အောက်စဘာ့မြို့က အစိုးရရှေ့နေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ MAN Energy Solutions ရဲ့ တင်သွင်းရောင်းချမှုတွေက ဂျာမနီနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဥပဒေနဲ့ ဥရောပသမဂ္ဂရဲ့ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းများဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတာပါ။

Justice For Myanmar အဖွဲ့က ပေးအပ်ခဲ့တဲ့ သုတေသနနဲ့ သက်သေအထောက်အထားတွေကို အသုံးပြုပြီးတော့ တရားလွှတ်တော်ရှေ့နေ Holger Rothbauer နဲ့အတူ Greenpeace Germany အဖွဲ့က ရာဇဝတ်ကြောင်းဆိုင်ရာ တိုင်ကြားချက် ဖွင့်ခဲ့ပြီးနောက် ခုလိုတရားစွဲဆိုမှုတွေ လုပ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Greenpeace Germany ရဲ့ ရာဇဝတ်ကြောင်းအရ တိုင်ကြားချက်အပေါ် အောက်စဘာ့ရှိ ဂျာမန်အစိုးရ ရှေ့နေက အရေးယူ ဆောင်ရွက်တာကို ကြိုဆိုပါတယ်။ မြန်မာ့ရေတပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုမှာ တာဝန်ရှိပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိးပမ်းကြတဲ့ ရိုဟင်ဂျာ ယောက်ျား၊ မိန်းမ၊ ကလေးငယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးခြင်းဖြင့် စစ်အုပ်စုရဲ့ လူမျိုးရေးခွဲခြားမှုမူဝါဒကို ဆက်လက် ဖော်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါအားလုံးကို ယခုအချိန်အထိ တာဝန်ခံစေရန် အရေးယူဆောင်ရွက် နိုင်ခြင်း မရှိသေးပါ။ ဂျာမနီ နည်းပညာ တပ်ဆင်ထားတဲ့ စစ်ရေယာဉ်မုတ္တမက ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင် ရေးဆောင်ရွက်နေတဲ့ မြန်မာစစ်အုပ်စုကို ကမ်းရိုးတန်းဒေသတလျှောက် စစ်သည်နဲ့ စစ်လက်နက်တွေ ရွှေ့ပြောင်းရာမှာ မြန်မာစစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်တွေနဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်းပေးအပ်မှုအားလုံးအတွက် အရေးယူ တာဝန်ခံစေဖို့၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂမှ နောက်ထပ် စစ်လက်နက် လွှဲပြောင်း ပေးအပ်မှုတွေကို ဟန့်တားဖို့အတွက် ယခု တရားစွဲဆိုမှုတွေက အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။ သို့ပေမဲ့ မုတ္တမစစ်ရေယာဉ်စီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကုမ္ပဏီအားလုံးအပေါ် တရားစွဲဆိုမှုတွေ တိုးချဲ့လုပ် ဆောင်သွားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

စစ်ရေယာဉ်မုတ္တမဟာ တိုက်ခိုက်ရေးသုံး ကုန်း ရေ နှစ်ထွေသုံး ကမ်းတက်စစ်ရေယာဉ်ဖြစ်ပြီး ပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ပံ့ပိုးကူညီဖို့ စစ်သည်၊ တင့်ကား၊ သံချပ်ကာ ကားတွေ၊ တခြားစစ်လက်နက်နဲ့ ပစ္စည်းကိရိယာတွေ ရွှေ့ပြောင်းရေးမှာ မြန်မာ့ရေတပ်ရဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးနေတာလို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

စစ်ရေယာဉ်မုတ္တမကိုတော့ တောင်ကိုရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး မြန်မာ့ရေတပ် ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအပြီး ၂၀၁၉ ခုနှစ်မှာ မြန်မာစစ်အုပ်စုဆီ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီအာဏာပိုင်တွေရဲ့ ခုလိုအရေးယူဆောင်ရွက်မှုဟာ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ရေတပ်အရာရှိငယ် မြတ်မင်းသူဆီက ရရှိခဲ့တဲ့ သက်သေ အထောက်အထားတွေအပေါ် လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ သူဟာ တောင်ကိုရီးယားနိုင်ငံတွင် MAN ကုမ္ပဏီက ပေးအပ်ခဲ့တဲ့ သင်တန်းကို တက်ရောက်ခဲ့သူဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ်မှာ တာဝန်ထမ်းဆောင်ခဲ့ကာ ခုလိုအထောက်အထားတွေကို ဖောက်ချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ တောင်ကိုရီးယားရဲတပ်ဖွဲ့က မြန်မာစစ်အုပ်စုဆီ မုတ္တမစစ်ရေယာဉ်ကို တရားမဝင် လွှဲပြောင်းပေးအပ်မှုအပေါ် သင်္ဘောတည်ဆောက်ခဲ့တဲ့ Daesun Shipbuilding & Engineering၊ လွှဲပြောင်းရောင်းချမှုမှာ ကြားခံပွဲစားလုပ်ဆောင်ပေးခဲ့တဲ့ Posco International နဲ့ ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနတို့ကို စုံစမ်းစစ်ဆေးခဲ့သလို ခုချိန်ထိ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မရတနာမောင်က “ဂျာမနီနဲ့ အီးယူနှစ်ခုလုံးမှာ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တဲ့ မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်း ပေးအပ်တာကို တားဆီးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပေမယ့်၊ ဒီဥပဒေတွေ အသက်သွင်းဖို့အတွက်တော့ အစိုးရတွေက အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြပြီး၊ မြန်မာစစ်အုပ်စုအတွက် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အကူအညီဖြစ်စေမယ့် စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို ရရှိနေစေတာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံအနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို သည်းခံမှာမဟုတ်ကြောင်း ပြသရပါမယ်။ စစ်လက်နက်၊ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရားမဝင် လွှဲပြောင်းပေးအပ်ခဲ့တဲ့ ကုမ္ပဏီတွေအပေါ် စုံစမ်းစစ်ဆေး ပြီး၊ အရေးယူတာဝန်ခံစေဖို့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်။ မြန်မာ့ရေတပ်ရဲ့ စစ်ရေယာဉ်မုတ္တမ စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ MAN ရဲ့ ဒိန်းမတ်ကုမ္ပဏီခွဲအပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး၊ အရေးယူဆောင်ရွက်ဖို့ ဒိန်းမတ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024