Home
နိုင်ငံတကာ
ဖွေ့ထိုင်းပါတီကို  MFP ပါတီထောက်ခံသူများ ဆန္ဒပြ 
DVB
·
August 3, 2023

ဖွေ့ထိုင်းပါတီဟာ  MFP ပါတီဦးဆောင်တဲ့ ညွန့်ပေါင်း ၈ ပါတီမဟာမိတ်အဖြစ်ကနေ နုတ်ထွက်ပြီး MFP ပါတီမပါတဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမယ့်အကြောင်း ကြေညာလိုက်ပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြမှုတွေ ခံနေရပါတယ်။

လိမ္မော်ရောင်  MFP ပါတီကို ထောက်ခံတဲ့ ထမဆတ်ကွန်ရက်အဖွဲ့နဲ့ ရှပ်နီပါတီ ထောက်ခံတဲ့အဖွဲ့ဝင်တွေဟာ ဩဂုတ် ၂ ရက် မနေ့ ညနေပိုင်းက ဘန်ကောက်မြို့လည်ခေါင် အဆုခ်မီးပွိုင့်ကနေ  ဖွေ့ထိုင်းပါတီရုံးချုပ်ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ 

ဆန္ဒပြသူတွေရဲ့ မူလရည်ရွယ်ချက်မှာ  ညွန့်ပေါင်း ၈ ပါတီအနေနဲ့  ခိုင်ခိုင်မြဲမြဲလက်တွဲပြီး ဒီမိုကရေစီအစိုးရ ဖွဲ့ စည်းဖို့ တိုက်တွန်းကြောင်း လူပေါင်း ၈၀၀၀၀ လက်မှတ်ရေးထိုးတဲ့ တိုက်တွန်းစာတစ်စောင်ကို ပေးပို့ဖို့  ဖြစ်ပါတယ် ။ 

အဲဒီလိုချီတက်လာရာမှာ  ငှက်ပျောပင်အုန်းပင်၊ ကွမ်းတောင်ပန်းတောင်၊ ပန်းစည်းတွေ ဖဲကြိုး တွေနဲ့အတူ မင်္ဂလာသတို့သားက သတို့သမီးကို တင်တောင်းတဲ့ ထိုင်းရိုးရာဓလေ့ ထုံးစံပုံစံလုပ်ပြီး  သီချင်းတွေဖွင့်ကာ ကခုန်လာကြပါတယ်။  

ဖွေ့ထိုင်းပါတီရုံးချုပ်ရှေ့ရောက်ပြီးနောက် ဖွေ့ထိုင်းပါတီက သူတို့အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမဲတွေရဖို့ အထက်လွှတ်တော်အမတ်နဲ့ အခြားပါတီတွေကို ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ ပုဒ်မ ၁၁၂ ပြင်မယ့်  MFP ပါတီပါရင် လုံးဝထောက်ခံမှာမဟုတ်ဘူးလို့ ပြောကြတဲ့အတွက်  MFP ပါတီဦးဆောင်တဲ့ ညွန့်ပေါင်း ၈ ပါတီကနေ နုတ်ထွက်ပြီး  MFP မပါတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းသွားမယ်လို့  ပါတီခေါင်းဆောင် နိုင်းချွန်းလ်နန့် ဆီကယောက်က ကြေညာလိုက်ပါတယ်။ 

ဒီအခါမှာ မင်္ဂလာပွဲအသွင်ရောက်လာတဲ့ လူအုပ်ကြီးဟာ ဒေါသတွေထွက်ပြီး ကန့်ကွက်ဆန္ဒပြတဲ့အသွင်ကို ရုတ်ခြည်းပြောင်းလိုက်ပါတယ်။

ဖွေ့ထိုင်းပါတီဟာ မဲဆန္ဒရှင်တွေကို လျစ်လျူရှုတယ်၊ ဒီမိုကရေစီအတွက် အသက်ပေးသွားခဲ့သူတွေကို မငဲ့ကွက်ဘူး၊  ပြည်သူကို သစ္စာဖောက်တဲ့ ဖွေ့ထိုင်းပါတီ၊  ကောက်ကလိုင် MFP ပါတီကို သစ္စာဖောက်တဲ့ပါတီလို့ အော်ဟစ်ခဲ့ကြပါတယ်။ ဒါ့အပြင် အရုပ် ၃ ရုပ်ကို အလောင်းကောင်လို ပိတ်ဖြူနဲ့ ရစ်ပတ်ချည်နှောင်ကာ အပေါ်မှာ သွေးနဲ့တူတဲ့ ဆေးနီရောင်တွေ ပက်ဖျန်းပြီး ဓာတ်ဆီနဲ့ မီးရှို့ခဲ့ကြသလို ပါတီအဆောက်အဦ နံရံတွေကိုလည်း သွေးနဲ့တူတဲ့ ဆေးနီရည်တွေ သုတ်လိမ်းခဲ့ကြပါတယ်။ သူတို့ကို လာရောက်ဟန့်တားတဲ့ ပါတီလုံခြုံရေးအစောင့်တွေပါ ဆေးနီတွေနဲ့ အပက်ခံရပြီး တကိုယ်လုံး သွေးတွေ ပေကျံနေသလို ဖြစ်သွားကြပါတယ်။

ပါတီတာဝန်ရှိသူ လူထုနဲ့လာတွေ့ပါလို့ အော်ဟစ်ပေမယ့် ပါတီအဖွဲ့ဝင်အမျိုးသမီး တဦးသာ ဆင်းလာပြီး တောင်းဆိုစာကို လာရောက်လက်ခံခဲ့ပါတယ်။ 

အသက် ၆၀ ကျော်ရွယ် ဆန္ဒပြအမျိုးသမီးတဦးက သူဟာ ဖွေ့ထိုင်းပါတီချစ်သူ ဖြစ်တယ်၊ ဒါပေမဲ့ ဖွေ့ထိုင်းရဲ့ ဒီကနေ့လုပ်ရပ်ကြောင့် ဝမ်းနည်းတယ်၊ ဒေါသထွက်တယ်၊ မျှော်လင့်ချက်တွေ ပျက်စီးကုန်ပြီ၊ လာမယ့် ၄ ရက် ဝန်ကြီးချုပ်ရွေးပွဲကျရင်  ကောက်ကလိုင်ပါတီဆီက ထောက်ခံမဲ မရတော့တဲ့အခါ သွားတွေပြုတ်ထွက်သွားအောင် အော်ရယ်ပစ်လိုက်မယ်လို့ ပြောပါတယ်။ 

နောက်ထပ် ရှပ်နီထောက်ခံသူ အမျိုးသမီး ၁ ဦးကလည်း လွန်ခဲ့တဲ့ ၁၅ နှစ် ရှပ်နီ၊ ရှပ်ဝါ အဓိကရုဏ်းဖြစ်စဉ် သူတို့လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်လာပြီး ဖွေ့ထိုင်းပါတီ ထောက်ခံတဲ့  လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေကို ဆုတ်ဖြဲကာ ဖွေ့ထိုင်းပါတီရုံးချုပ်ရှေ့မှာ ကြဲချခဲ့ပါတယ်။

ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့ရေး လက်တွဲမယ့် အာဏာဟောင်း ဖုမ်ကျိုင်းထိုင်းပါတီ ခေါင်းဆောင် အနုထင်းဟာ ကျန်းမာရေးဝန်ကြီးဖြစ်ပြီး ကိုဗစ်-၁၉ ပြဿနာ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ သူ့အမေဟာ မသေသင့်ဘဲ သေခဲ့ရတယ်၊ ဆေးရုံမှာ ခုတင်မရလို့ အပြင်က အမှိုက်ပုံးနားမှာ သေဆုံးခဲ့တယ်၊ ဒီလို ညံ့ဖျင်းတဲ့အစိုးရနဲ့ လက်တွဲမှာကို လုံးဝလက်မခံနိုင်၊ ဘာဆင်ခြေပေးပေး မအိုခေဘူး၊ ယောကျ်ား မယားငယ်ထားတာထက် ပိုပြီးစိတ်နာတယ်၊ လုံးဝ မအိုခေဘူးလို့ ပြောပါတယ်။ 

ဆန္ဒပြသူတွေဟာ နောက်ထပ် ၂ ရက်အကြာ ဩဂုတ် ၄ ရက်ကျရင် ဖွေ့ထိုင်းပါတီရုံးရှေ့ ပြန်လာမယ်၊ အစိုးရဖွဲ့မယ့်အထဲမှာ  ဦးလေးကြီးပါတီ ၂ ခု (  ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ ဗိုလ်ချုပ်ကြီး ပရဝစ် ) ပါရင် သိမယ်ဆိုပြီး ကြိမ်းဝါးသွားကြပါတယ်။ 

ဖွေ့ထိုင်းပါတီဟာ ပြည်သူ့သစ္စာဖောက်၊ အစိုးရ အင်မတန်ဖြစ်ချင်လို့  ထွေးပြီးသား တံတွေးပြန်မျိုချတယ်၊ မဟာမိတ်ပါတီ  MFP ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတယ်၊ ပါတီဟာ ပြည်သူအတွက် လုပ်တာလား၊ သခင် (သက်ဆင်ရှင်နာဝပ်)အတွက် လုပ်တာလား၊ အာဏာရဖို့အတွက် မိမိနဲ့ ရန်သူလိုဖြစ်ခဲ့တဲ့  ဖုမ်ကျိုင်းထိုင်းပါတီ၊ ဒီမိုကရက်ပါတီတွေနဲ့ မျက်နှာပြောင်  ပြန်ပေါင်းထုတ်တယ်ဆိုပြီး အမျိုးမျိုး ဝေဖန်ခံနေရပါတယ်။ 

အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲတွေနဲ့ အစိုးရဖွဲ့နိုင်ပေမယ့်လည်း ဆန္ဒပြ ကန့်ကွက်မှုတွေနဲ့  ဆက်လက်ကြုံတွေ့ရမှာဖြစ်ပြီး သူတို့ပါတီထောက်ခံသူတွေ အတော်များများ MFP ဘက် ပြောင်းလဲထောက်ခံသွားမှာမို့ နိုင်မလိုနဲ့ ရှုံးနိမ့်သွားပြီလို့ ထိုင်းနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

တနိုင်ငံလုံးမှာ ထောက်ခံမဲ အများဆုံးရထားတဲ့ MFP ပါတီကတော့ သူတို့အနေနဲ့ အစိုးရမဖြစ်ရပေမဲ့ အတိုက်အခံပါတီဘက်ကနေ ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။  

Ref: Snook

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024