Home
မြန်မာသတင်း
ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွား၊ ကန်နီပျူစောထီးရွာ တိုက်ခိုက်ခံရ
DVB
·
August 3, 2023

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ရေဦးမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ စစ်ကောင်စီ အင်အား ၁၃ဝ ခန့်ပါ မြေပြင်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်ပြန်ကြားရေးဘက်က သိရပါတယ်။

သြဂုတ် ၂ ရက်နေ့  နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က ရေဦးဘက်ကနေ ဒီပဲယင်းဘက်ကို ထွက်လာတဲ့ စစ်ကြောင်း မရကန်ကျေးရွာနားကိုအရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာမှ မိနစ် ၂ဝ လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပုဂံပြည်ဘီလူးတပ်က တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အကွာအဝေးက သိပ်မဝေးတော့ ကျနော်တို့ဘက်က ပစ်လို့ သေတာအနည်းဆုံးကို ၇ ယောက်နဲ့ ၈ ယောက်ကြားမှာ ရှိတယ်။ သူတို့ဘက်ကနေ တရစပ်ပစ်နေတော့ အလောင်းအတည်ပြုဖို့နဲ့ လက်နက်ကောက်ဖို့ အချိန်တော့မရလိုက်ဘူး။”

တိုက်ခိုက်မှုတွေကို ပုဂံပြည်ဘီလူးတပ်ရဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့နဲ့အတူ Yan Gyi Aung PDF(YGA)၊ အဖြူရောင်ပကဖ(ဒီပဲယင်း)၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ညောင်ဦးခရိုင်တပ်ရင်း ၅ တပ်ခွဲ ၂၊ နယ်စည်းမခြား ဖက်ဒရယ်စစ်ကြောင်း၊ ဒီပဲယင်း ပကဖ တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းက ဒီပဲယင်းမြို့ မရကန်ရွာကို စစ်ကြောင်းသုံးကြောင်းခွဲကာ ကျေးရွာတွေကို မီးရှို့နေတဲ့အတွက် ကျေးရွာ ၂ဝ ကျော်က လူဦးရေ ၁ သောင်းဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရပြီး စားသောက်စရာနဲ့ နေရေးထိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

သြဂုတ် ၂ ရက် ည ၁ဝ နာရီလောက်ကလည်း မရကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့အရှေ့ခြမ်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘောကို လုံခြုံရေးယူဖို့လာတဲ့ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲပူးပေါင်းတပ်တွေကို ပုဂံပြည်ဘီလူးတပ်နဲ့ မဟာမိတ်တွေက မြောင်မြို့နယ် ကျောက်တန်းရွာနားမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်ထဲက ကန်နီပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(MRG) က ပြောပါတယ်။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(MRG)နဲ့မဟာမိတ်တပ်တွေက ဩဂုတ် ၁ ရက်နေ့ မနက် ၆ နာရီခွဲခန့်မှာ တကြိမ်နဲ့ မနက် ၁၀ နာရီခွဲလောက်မှာ တကြိမ် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) တာဝန်ခံက ပြောပါတယ်။

“Rocket၊ RC plane drop၊ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်အပြီးမှာ ဒရုန်းနဲ့ကင်းထောက်တော့ ရွာရှေ့မှာ ပျူစောထီးတပ်ဖွဲ့တွေကို တွေ့ရလို့ လက်နက်ငယ်တွေနဲ့ ဝင်လုံးခဲ့ပြီး တယောက်ကို ဖမ်းဆီးရမိတယ်ဗျ။ ခဏအကြာမှာပဲ ဒဏ်ရာတွေနဲ့ သေဆုံးသွားလို့ ကောင်းကောင်းမွန်မွန်ပဲ သင်္ဂြိုဟ်ပေးခဲ့ပါတယ်ဗျ။”

တိုက်ခိုက်မှုအပြီးမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေဘက်က ဆိုင်ကယ် ၂ စီး၊ လက်ဖ်တော့ပ် ၁ လုံး၊ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှုတွေကို မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG နဲ့အတူ MPL၊TKG၊ ရွှေဟင်္သာပြောက်ကျားတပ်ဖွဲ့၊ အညာမုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ GEN 21၊-နဂါးနီအထူး​တိုက်ခိုက်ရေးတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ကန်နီပျူရွာဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပျူစောထီးသင်တန်းဆင်း တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက မကြာခဏဆိုသလို တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီခန့်ကလည်း ကန်နီပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024