Home
မြန်မာသတင်း
စစ်ကောင်စီက ရွှေစျေးထိန်းချုပ်မှုကြောင့် ရွှေဆိုင်များ အလျော့တွက်လက်ခ တိုးမြှင့်ရောင်းချ
DVB
·
August 2, 2023

ရွှေဆိုင်တွေကို ရွှေတကျပ်သား ကျပ်သိန်း ၃၀ အောက်မှာပဲ အရောင်းအဝယ်လုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေအသင်းရဲ့ ညွှန်ကြားချက်ဟာ ပြင်ပစျေးကွက် ပေါက်စျေး ကွာဟချက် များနေတာကြောင့် ရွှေဆိုင်တွေအနေနဲ့ သူတို့ တွက်ခြေကိုက်အောင် အလျော့တွက် လက်ခတွေ တိုးမြှင့်ပြီး ရောင်းချလာကြပါတယ်။

စစ်ကောင်စီဟာ ရွှေဆိုင်တွေ အရောင်းအဝယ် ပြုလုပ်ရမယ့် စျေးတန်းကို ကျပ်သိန်း ၃၀ အောက် သတ်မှတ်ပေးထားပေမဲ့ လက်ရှိ ‌ပြင်ပဈေးကွက်ထဲမှာတော့ တကျပ်သားကို ကျပ် ၃၅ သိန်းအထက်မှာ အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်ရွှေအသင်းရဲ့ ဒီကနေ့ ရည်ညွှန်းဈေးကတော့ ၂၃ သိန်းဝန်းကျင် ရှိပါတယ်။

ဒါကြောင့် ရွှေဆိုင်တွေက တရားဝင်စျေးကို ကျပ်သိန်း ၃၀ အောက်မှာပဲ သတ်မှတ်ပြီး အလျော့တွက် လက်ခတွေကို တိုးမြှင့် ရောင်းချလာကြတာ ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ ရွှေစျေးထိန်းချုပ်မှုနဲ့ ရွှေဆိုင်တွေရဲ့ အလျော့တွက် လက်ခ တိုးမြှင့် ရောင်းချမှုတွေကြား ရွှေဝယ်ယူသူတွေက နစ်နာမှုတွေ ရှိလာရတာပါ။

ရန်ကုန်အခြေစိုက် ဝါရင့် ရွှေလုပ်ငန်းရှင်တဦးက “သူတို့က သိန်း ၃၀ ကျော်ပြီး မရောင်းရဆိုပြီး သတ်မှတ်ထားတယ်လေ။ တကယ်ပေါက်စျေးက ၃၅ သိန်းကျော်၊ အဲတော့ သူတို့က ကိုက်အောင်ဆိုပြီး အလျော့တွက်ခတွေ အများကြီး ယူရတော့ အဲလို ပြဿနာတွေ ဖြစ်တာပေါ့။ အခု အခက်အခဲကတော့ ရွှေစျေးတွေက တအားတက်တယ်။ အဖမ်းအဆီးတွေကလည်း ရှိတယ်ဆိုတော့ ရွှေဆိုင်တွေ အကုန်လုံးလည်း ဒုက္ခရောက်နေကြတယ်။ စျေးနှုန်းလည်း အမှန်အတိုင်း မပြောရဲ။ စျေးနှုန်းကို လျှော့ပြောပြီး အလျော့တွက် ပိုယူတော့လည်း ပြဿနာတက်ဆိုတော့ ရွှေဆိုင်တွေလည်း တော်တော်လေး အခက်တွေ့နေပါတယ်” လို့ ပြောပါတယ်။

ရွှေတကျပ်သားကို ကျပ် ၃၃ သိန်းဝန်းကျင်မှာပဲ ရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေစျေးက ၂ သောင်းတန် ငွေစက္ကူ ထုတ်ဝေမယ်ဆိုတဲ့ ကြေညာချက် ထွက်ပြီးတဲ့နောက် ဒေါ်လာစျေးနဲ့အတူ ရွှေစျေး တကျပ်သားကို ကျပ် ၃၇ သိန်းထိ အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ တကျပ်သားကို ကျပ် ၃၅ သိန်းအထက် ၃၆ သိန်းအကြားမှာပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။

လက်ရှိမှာ ရွှေစျေးနှုန်းမြင့်တက်နေသလို ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ၊ ဖမ်းဆီးထိန်းသိမ်းတာတွေလည်း ရှိနေတာကြောင့် ရွှေဆိုင်အတော်များများက ရွှေအတုံးအခဲနဲ့ အကျစ်ထည်တွေကို အခုရက်ပိုင်းအတွင်း အရောင်းရပ်ထားကြပြီး အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုသာ ရောင်းချပေးနေကြတယ်လို့လည်း သိရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တဦးက “သိပ်မရောင်းရဲကြဘူး။ အရောင်းအဝယ် ရပ်နေသလို ဖြစ်နေပါတယ်။ မှောင်ခိုပဲ နည်းနည်းပါးပါး အလုပ်ဖြစ်တယ်။ သိတဲ့လူ အချင်းချင်းပဲ ကြိုက်ရောင်း ကြိုက်ဝယ် အလုပ်ဖြစ်တယ်။ ဆိုင်တွေမှာ သွားဝယ်မယ်ဆိုရင်လည်း ဘယ်သူမှ မရောင်းရဲကြဘူး၊ အဲလိုဖြစ်နေပါတယ်၊ ဝယ်ချင်တဲ့သူတွေလည်း ဝယ်ရ အရမ်းခက်ပါတယ်။ အရောင်းအဝယ်ကတော့ မကောင်းပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ငွေလက်ဝယ်ရှိသူတွေက ရွှေ၊ ဒေါ်လာနဲ့ အိမ်ခြံမြေတွေအပေါ် ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုတွေ များလာပြီး စျေးနှုန်းတွေ အဆမတန် မြင့်တက်လာပါတယ်။

လက်ရှိမှာလည်း နိုင်ငံပိုင်ဘဏ်နှစ်ခု အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်ခံရပြီးတဲ့နောက် တဒေါ်လာကို ကျပ် ၃,၀၀၀ အထက်ကို ရောက်ရှိလာတဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ ၂ သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်ဆိုတဲ့ ကြေညာချက် ထွက်ပြီးတဲ့နောက် ထပ်မံ မြင့်တက်လာခဲ့ပြီး လတ်တလောမှာ တဒေါ်လာကို ၃,၃၀၀ အထက် ၃,၄၀၀ ကြားမှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

‌ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရတဲ့ စက်သုံးဆီ စျေးတွေကလည်း ဆက်တိုက် တရိပ်ရိပ် မြင့်တက်နေတာပါ။

စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ တရားဝင် ရည်ညွှန်းစျေးအရ ရန်ကုန်လက်လီစျေးကွက်မှာ ဓာတ်ဆီ ၉၂ တလီတာကို ၂,၂၅၅ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာကို ၂,၃၇၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၄၀၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၂,၄၈၅ ကျပ်အထိ ဈေးမြင့်တက်နေပါတယ်။

နှစ်ပတ်အတွင်း ဓာတ်ဆီ တလီတာကို ၁၄၅ ကျပ်၊ ဒီဇယ် တလီတာကို ၃၄၅ ကျပ်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။

—-----------------------------------

သာယာဝတီထောင်၌ နိုင်ငံရေးအကျဥ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

DVB

ပဲခူးအနောက်ခြမ်း၊ သာယာဝတီဗဟိုအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူ ၁၅ ယောက် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်က သာယာဝတီ ဗဟိုအကျဉ်းထောင်တွင်းမှာ “အာဇာနည်နေ့ အထိမ်းအမှတ် ဖဲကြိုးပြား အနက်ရောင် ရင်ဘတ်မှာ ချိတ်ဆွဲတပ်ဆင်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ယောက်ကို တိုက်ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူတဦးက “ပြန်လွတ်လာသူတွေဆီက သိရတာ၊ အဲ့ဒါကြောင့် နည်းနည်းနောက်ကျတာပါ။ အရိုက်ခံထားရတယ်လို့ ပြောတယ်။ အဲ့ထဲမှာ ဒေါ်ရီရီဆွေဆိုတာ ၅၀ ကျော် ၆၀ အသက်ပတ်ချာလည် အသက်ကြီးသူဖြစ်တယ်။ အာဇာနည်နေ့တည်းက အခုထိ ပိတ်ခံထားရတာပါ။ ၅၀၅ တွေပေါ့၊ အဓိက နိုင်ငံရေးအကျဥ်းသားတွေပေါ့။ ဖောက်ခွဲတို့ အကြမ်းဖက်တို့ အဲ့ခေါင်းစဥ်တွေနဲ့ အတပ်ခံထားရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပိတ်ခံရသူတွေက မနှင်းလဲ့နန္ဒာလွင် ထောင်ဒဏ် ၁၀ နှစ်၊ မရွှန်းအိဖြူ ထောင်ဒဏ် ၇ နှစ်၊ မနီလာစိမ်း ထောင်ဒဏ် ၇ နှစ်၊ မဆုရည်ပိုင် ထောင်ဒဏ်တသက်၊ မဝတ်ရည်လွင် ထောင်ဒဏ် ၁၀ နှစ်၊ မအေးသီတာကျော် ထောင်ဒဏ် ၃ နှစ်၊ မရီရီဆွေ ထောင်ဒဏ် (စုံစမ်းဆဲ)၊ မလွင်လွင်ညွန့် (ခ) အားဂျာ ထောင်ဒဏ် ၁၀ နှစ်၊ မစန္ဒီညွန့်ဝင်း ထောင်ဒဏ် ၆ နှစ်၊ မအေးသက်စံ ထောင်ဒဏ် ၁၀ နှစ်၊ မရွှေရည်ညွန့် (ခ) သဲသဲ ထောင်ဒဏ် ၆ နှစ်၊ မယမင်းထက် ထောင်ဒဏ်တသက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင် ထောင်ဒဏ် ၁၀ နှစ်တို့ဖြစ်ပြီး တိုက်အမှတ် ၂၀ မှာ တယောက်တခန်းစီ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

အကျဉ်းထောင်တွင်း ဖိနှိပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ကျဥ်းတွေအားလုံး ထောင်ဝင်စာ တရားဝင်တွေ့ခွင့်ရရှိရေး တောင်းဆိုနေပေမဲ့ အခုထိ ခွင့်ပြုတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

“နိုင်ကျဥ်းတွေကို ထောင်ဝင်စာတွေ့ခွင့် အခုထိမရသေးဘူး။ ထောင်ပိုင်နဲ့ လက်သင့်ရာတွေကတော့ တရားမဝင် တွေ့ခွင့်ရနေတာ ရှိတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ထောင်ဝင်စာတွေ့ခွင့် ကမ်ပိန်းလုပ်ခဲ့ပေမဲ့ တွေ့ခွင့်မရသေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။

မနေ့က လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့အထဲမှာ သာယာဝတီထောင်ကနေ အကျဥ်းသား ၁၂ ယောက်နဲ့ အကျဥ်းသူ ၁၈ ယောက်သာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

https://www.facebook.com/photo/?fbid=10159582477117913&set=gm.871374617747535&idorvanity=301036518114684

—--------------------------------

တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်နိုင်ရန် လက်နက်ကြီးဖြင့် ပစ်ခတ် 

DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းကို KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့ညပစ်ခတ်ပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းဟာ စစ်ကာင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့အတွက် ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။

လက်ခတ်တောင်တကြောလုံးကို KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေက ဒီကနေ့အထိ သိမ်းပိုက်ထားတဲ့အပြင် ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက တောင်ခြေတဝိုက်ကို ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ တပ်မ ၄၄ တပ်မမှူးကိုယ်တိုင် မဆုတ်တမ်း ထိုးစစ်ဆင်နိုင်ဖို့ အင်အားတွေဖြည့်တင်းနေပြီး နေ့ည လက်နက်ကြီး ပစ်ခတ်နေပါတယ်။

ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက “လက်နက်ကြီး ၁၀၊ ၂၀ ကတော့ ပုံမှန်ပစ်နေတာပဲ။ အခုထိတော့ တက်လာတာ မတွေ့သေးဘူး။ ကျနော်လည်း စောင့်နေတာ ၄ ရက် ၅ ရက်လောက်ရှိပြီ။ ကျနော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသား” လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားကုန်း ငြိမ်းချမ်းသာဘက်ကနေ ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၄ ရက်က ပုလိန်-ခလယ်သွား ကားလမ်းပေါ် ဖမ်းဆီးခံထားရသူတွေထဲက ကျန်ရှိနေတဲ့ပြည်သူ ၁၃ ယောက်ကို လူသားဒိုင်းအနေနဲ့ ဆက်လက်ဖမ်းဆီးထားပါတယ်။

အဲဒီစစ်ကြောင်းဟာ တောင်ညိုတောင်ခြေနဲ့ ခလယ်တံခွန်အနီးတဝိုက် စစ်ရေးလှုပ်ရှားနေပြီး လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြဝတီမြို့တောင်ဘက်က ဖောထူးလာထ၊ ကလာဝေါကျေးရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အနီးဝန်းကျင်က ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းအနီးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ပုလိန်၊ ခလယ်၊ တံခွန်တိုင် စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ ထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် နေထိုင်စားသောက်ရေးအပြင် ငှက်ဖျား၊ တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024