ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းကို KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့ညပစ်ခတ်ပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းဟာ စစ်ကာင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့အတွက် ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။
လက်ခတ်တောင်တကြောလုံးကို KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေက ဒီကနေ့အထိ သိမ်းပိုက်ထားတဲ့အပြင် ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက တောင်ခြေတဝိုက်ကို ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ တပ်မ ၄၄ တပ်မမှူးကိုယ်တိုင် မဆုတ်တမ်း ထိုးစစ်ဆင်နိုင်ဖို့ အင်အားတွေဖြည့်တင်းနေပြီး နေ့ည လက်နက်ကြီး ပစ်ခတ်နေပါတယ်။
ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက “လက်နက်ကြီး ၁၀၊ ၂၀ ကတော့ ပုံမှန်ပစ်နေတာပဲ။ အခုထိတော့ တက်လာတာ မတွေ့သေးဘူး။ ကျနော်လည်း စောင့်နေတာ ၄ ရက် ၅ ရက်လောက်ရှိပြီ။ ကျနော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသား” လို့ ပြောပါတယ်။
ဒါ့အပြင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားကုန်း ငြိမ်းချမ်းသာဘက်ကနေ ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၄ ရက်က ပုလိန်-ခလယ်သွား ကားလမ်းပေါ် ဖမ်းဆီးခံထားရသူတွေထဲက ကျန်ရှိနေတဲ့ပြည်သူ ၁၃ ယောက်ကို လူသားဒိုင်းအနေနဲ့ ဆက်လက်ဖမ်းဆီးထားပါတယ်။
အဲဒီစစ်ကြောင်းဟာ တောင်ညိုတောင်ခြေနဲ့ ခလယ်တံခွန်အနီးတဝိုက် စစ်ရေးလှုပ်ရှားနေပြီး လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။
တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြဝတီမြို့တောင်ဘက်က ဖောထူးလာထ၊ ကလာဝေါကျေးရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အနီးဝန်းကျင်က ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းအနီးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ပုလိန်၊ ခလယ်၊ တံခွန်တိုင် စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ ထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် နေထိုင်စားသောက်ရေးအပြင် ငှက်ဖျား၊ တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။