Home
မြန်မာသတင်း
စစ်တပ် မီးရှို့ခံခဲ့ရသည့် မြောင်မြို့နယ်မှ အိမ်ထောင်စု ၁၁၆ စုကို ဆန်၊ ဆီများ လှူဒါန်း
DVB
·
August 2, 2023

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတရွာက အိမ်ထောင်စု ၁၁၆ စုအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ အမျိုးသမီးသုံးပစ္စည်းတွေကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က သွားရောက်လှူဒါန်းခဲ့တယ်လို့ သြဂုတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

CDSOM တာဝန်ခံတဦးက “အဲဒီရွာက စစ်​ကောင်စီရဲ့ မီးရှို့ခံရတာ မနှစ်က တကြိမ်၊ ခုထပ်ပြီး တကြိမ်​ဆို​တော့ မီးရှို့ဖျက်ဆီးခံရတာ ၃ ကြိမ်ရှိပါပြီ။ အဲဒီရွာကို အခုလှူဒါန်းတာ ဒုတိယအကြိမ်ပါ။ ဒီနေ့လှူဒါန်းမှုက တန်ဖိုး စုစုပေါင်း ၁၄၃၂၅၀၀ ကျပ်ပါဗျာ။ CDSOM အ​နေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူ​တွေရဲ့ ​ထောက်ပို့မှု​တွေရယ် မဟာမိတ်အဖွဲ့​​တွေနဲ့ ပူး​ပေါင်းပြီး အဲ့ရွာကို ကူညီမှု​တွေအ​နေနဲ့ အစား​အသောက် ရိက္ခာ၊ အဝတ်အထည်နဲ့ ခြုံ​​စောင်​တွေ ပံ့ပိုး​ပေးခဲ့​တာ​တွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) နဲ့အတူ မြောင်လူငယ်ကွန်ရက် (YFC)၊ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ (M2W) တို့ ပူးပေါင်း သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး လုံခြုံရေးနဲ့ လမ်းကြောင်းကိစ္စတွေအတွက် မြောင်မြို့နယ် လုံခြုံရေး (မြို့နယ် ပလဖ)၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၃၊ Blood Brother အဖွဲ့တို့က လိုက်ပါ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို မီးဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့တဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024