Home
မြန်မာသတင်း
ကချင်လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ် 
DVB
·
August 2, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး မီးရှို့မြေမြှုပ်ခဲ့တဲ့  တီးမားရွာသား လူငယ် ၂ ဦးရဲ့ အလောင်းကို မန္တ​​လေး-မူဆယ်လမ်းကနေ အတွင်းဘက် ၃ မိုင်အကွာ တောတွင်းတနေရာမှာ ဇူလိုင် ၃၁ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ညနေမှာ ကွတ်ခိုင်ဘက်ကနေ အသင်းတော်ပိုင်ကားနဲ့ ပြန်လာတဲ့ တီးမားရွာသား လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “သူတို့နှစ်ယောက်က ပရာဒိုအဖြူနဲ့ပါ။ စစ်ဗိုလ်တယောက်က အဲဒီကားကို စီးသွားတယ်။ သူတို့နှစ်ယောက်ကိုကျတော့ ဖိုးဝှီးအနက်ပေါ် တင်ခေါ်သွားတာ။ ၂ နာရီလောက် ကြာ​လို့ ပြန်ပါလာတော့ သူတို့နှစ်ယောက် စကားလည်းမပြောနိုင် လှုပ်လည်း မလှုပ်နိုင်တော့ဘူး" လို့ ပြောပါတယ်။

စစ်​ကောင်စီက ဖမ်း​​လာတာ စုစုပေါင်း ၁၄ ဦးဖြစ်ပြီး တီးမားရွာသားလူငယ်တွေကတော့ သူတို့ကို ဖမ်းခေါ်လာတဲ့လမ်းမှာပဲ မသင်္ကာလို့ ဖမ်းလိုက်တာ ​​ဖြစ်ကြောင်းဆိုပါတယ်။ သူတို့ကို အဲဒီညနေမှာပဲ သတ်လိုက်တာလား၊ နောက်တရက်မှ သတ်တာလား ဆိုတာကိုတော့ သေချာမသိရပါဘူး။

အသက် ၂၅ နှစ်အရွယ် မောင်တူးဂျာနဲ့ အသက် ၂၇ နှစ်အရွယ် မောင်ဘရန်အောင်တို့ နှစ်ယောက်ရဲ့ အလောင်းကို ဇူလိုင် ၃၁ ရက်မှာ အလောင်းမီးရှို့ မြေမြှုပ်ထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

လူငယ်နှစ်ယောက်ဟာ ကချင်နှစ်ခြင်းအဖွဲ့ချုပ် (KBC) ရဲ့ အားကစားရာသီအတွက် အားကစားဝတ်စုံတွေကို အသင်းတော်ပိုင်ကားနဲ့ သွားယူပြီး ကွတ်ခိုင်ကအပြန် နန့်အွမ်ရွာ အနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကာ နှိပ်စက်သတ်ဖြတ်ခံရပြီး အလောင်းမီးရှို့ကာ မြေမြှုပ်လက်စဖျောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၅ ရက်မှာပဲ  အမြောက်ဆန်ထိမှန် သေဆုံးခဲ့တဲ့ တအာင်း အမျိုးသားတယောက်ရဲ့ အလောင်းကိုလည်း စစ်ကောင်စီတပ်က လာရောက်လုယူပြီး TNLA ဝတ်စုံ ဝတ်ဆင်ထားပေးခဲ့ ပါတယ်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024