Home
ဆောင်းပါး
ဆင်ကြံ ကြင်စိုး (သရော်စာ)
DVB
·
August 1, 2023

(က)

ဟိုဘက်နှစ်နွေဦးကတည်းက ရောက်ရာပေါက်ရာ ယာယီခရီး ထွက်ခဲ့တဲ့ ဖေကြီးမှာ ဟိုရွာမှာခဏ၊ သည်ရွာမှာခဏဖြင့် နားခိုခဲ့ပြီးသကာလ အခု သည်ရွာကလေးမှာတော့ လပေါင်းအတော်ကြာပြီး အခြေကျသလိုလို ဘာလိုလိုတောင်မှ ဖြစ်နေပါပေါ့ ခင်ဗျာ။

တခါမှ မဆုံခဲ့ဘူးသည့် အရောင်စုံအသွေးစုံလူတွေနှင့် ဆုံဆည်းခဲ့ရပြီး ထို အရောင်စုံအသွေးစုံ လူအားလုံးနဲ့ အမျိုးအရင်းတွေလိုကို ရင်းနှီးခဲ့ရလေ၏။ အနီရောင်ပုဆိုးနဲ့သူတွေကလည်း စောင့်ရှောက်၏။ အစိမ်းရောင်လုံချည်နှင့်သူတွေကလည်း ခင်ကြ၏။ အဝါရောင်တွေ အပြာရောင်တွေ၏ အိမ်တွေမှာလည်း စားအိမ်သောက်အိမ် ဖြစ်ခဲ့လေရာ ကံကောင်းလှ၏။

သည်အထဲမှာ စာသမားတွေဖြစ်ကြပြီး အင်မတန် ‘ရွှင်’ ကြသည့် အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ အဘရစ်ချတ်၊ လေဖြန်းရာမှ ပြန်လည်၍ နာလံထူလာသည့် အဘထွန်းခင်တို့နှင့် အဖွဲ့ကျလေရာ ယခုလိုမျိုး ခေတ်ဆိုး ခေတ်ကြပ်ကြီးမှာ အသက်ရှူ ချောင်ရပါပေ၏။

သူတို့၏ငယ်ပေါင်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်တို့ အဖွဲ့နှင့်ပါ ခင်မင်ခွင့်ရတော့ ပိုပြီး ပြည့်စုံသွားတာပေါ့ ခင်ဗျာ။

အရောင်အသွေးတွေကွဲပေမဲ့ စကားအနိုင်လုရုံကလွဲလို့ ရန်တွေဘာတွေ ထမဖြစ်တာကတော့ သိပ်ကောင်းတာပေါ့ဗျာ။ အရွှင်အဘတွေနဲ့ ‘စိမ်းသရဖူစိမ်း အဘတွေ’ ဆုံလိုက်တိုင်း ဇာတ်ဆန်းတပုဒ်တော့ ကြားရမြဲဖြစ်ရာ အဲသည်လိုနေ့မှာ အစာကြေကာ ရင်ချောင်ရပါလေ၏ ခင်ဗျာ။

သည်ရွာမှာလည်း အခြားရောက်ရှိခိုနားခဲ့ဖူးတဲ့ ရွာတွေ ရွာတွေ ရွာတွေလိုပဲ ‘အနီရောင်’ က ၉၅ ရာခိုင်နှုန်းလောက်နဲ့ ‘အစိမ်းရောင်’ က ၅ ရာခိုင်နှုန်းလောက်ပဲရှိတာ မြင်ရပါ၏။

၅ ရာခိုင်နှုန်းလောက်ပေမဲ့ အဲသည်လူတွေဟာ ‘စိမ်းဆိုမှစိမ်းတွေ’ ဖြစ်တာကို အံ့သြစရာ တွေ့ရပါလေ၏။ သူတို့တွေမှာ တူတာတခုကတော့ သူတို့တွေ ကိုးကွယ်နေတဲ့ ကြင်စိုး သာဝ မအလ ဘာလုပ်လုပ် အဟုတ်ဟု ထင်နေကြတာပဲ ဖြစ်ပါ၏။

တွေးရင်းနဲ့ လျှောက်လာတာ သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး တောအုပ်လေးလိုဖြစ်နေသည့် အဘစောမူးသာတို့ အိမ်ခြံဝန်းကျယ်ကြီးထဲသို့ ရောက်လာပါလေ၏။ ဒီနေ့ မိုးမရွာတော့ မန်ကျီးပင်အိုကြီးအောက်က ကွပ်ပစ်ပေါ်မှာ ရေနွေးကြမ်းဝိုင်းကို တည်ထားပါလေ၏။

“လာဟေ့ ဖေကြီး . . . သည်မှာ မင့်အဘစိမ်းမောင်က မင်းကို တွေ့ချင်နေတာကွ . . ဟဟ”

အဘစောမူးသာကပြောတော့ အဘစိမ်းမောင်က “ငါ ဘယ်တုန်းက ပြောလို့လဲ” ဟု တုံ့ပြန်ပါလေ၏။ အဘလုံးတုံးက “မင်းပဲ မေးနေပြီးတော့” ဟု ပြုံးစိစိဖြင့် ဝင်ပြောပါ၏။ သည်အဘတွေကား သည်လိုတွေပါ ခင်ဗျ။ ခပ်တည်တည်နဲ့ ‘ကြပ်’ တတ်တာ ထုံးစံပါ။

“အဘစိမ်း . . . အဲ . . . အဘသိမ်းမောင် နေကောင်းလား”

“အေး . . . အိမ်ကထွက်လာတုန်းကတော့ ကောင်းပါတယ် ဖေကြီးရာ၊ အခု ဒီဝိုင်းရောက်မှ သိပ်မကောင်းချင်သလိုလို ဖြစ်လာတာ”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင် စကားအဆုံးမှာ ကျန်အဘတွေ ထ၍ရယ်ကြပါလေ၏။ ဖေကြီးမရောက်ခင် ဘာတွေ ကြပ်နေသည်မသိ။

“စိမ်းမောင်က ‘ကာလာဘလိုင်း’ ဖြစ်နေတဲ့ ကြင်စိုး သာဝ မအလရဲ့ မည်းညိုညို ဆင်ဖြူတော်လေးဟာ ဆင်ဖြူတော် ကြန်အင်လက္ခဏာတွေနဲ့ အကုန်လုံးကိုက်ညီတယ်လို့ ပြောနေတယ်ကွ”

“ဟုတ်တယ်လေကွာ . . မကိုက်ညီလို့လား”

“အေးပါကွာ . . . အေးပါ . . အဲသည်တော့ ဘာဖြစ်လာမှာလဲ၊ တိုင်းပြည်ကြီး ရုတ်ချည်း ချမ်းသာလာမှာတဲ့လား”

“မူးသာ . . . စကားကို ကပ်မပြောနဲ့လေ”

“ဟားဟား ဟားဟား ဟားဟား . . .”

(ခ)

သို့ဖြင့် ‘ဆင်ဖြူတော်’ အကြောင်း စကားဆက်ကြပါလေ၏။ အဘစောမူးသာက ဖေကြီးကို ပြုံးစိစိလုပ်ပြကာ အင်္ဂလိပ်တွေက အဲသည် ဖြူတူတူဆင်ကို ဘယ်လိုပြောသလဲဆိုတာ ဖေကြီးဖတ်ဖူးလားဟု မေးရာ ဖတ်ဖူးပါတယ်ဟု ဖြေဖြစ်၏။

“အေးကွ . . . အင်္ဂလိပ်တွေက ‘မလိုချင်တော့တဲ့အရာ၊ မသုံးချင်တော့တဲ့အရာ၊ အသုံးမဝင်တော့တဲ့ပစ္စည်း၊ အသုံးဝင်တာကနည်းနည်း ဝန်ထုပ်ဝန်ပိုးဖြစ်တာကများများ’ ဆိုရင် ‘White Elephant’ လို့ခေါ်တာကွ”

“ငါလည်း ဖတ်ဖူးတယ် မူးသာ”

အဘလုံးတုံးက ဝင်ထောက်ပေးပါ၏။ အဘစိမ်းမောင်ကား စူစူကြီးဖြင့် မကြားသလိုလို ခြံထဲသို့ လှမ်းငေးနေပါ၏။

“အေးကွ . . . ဆင်ဖြူတော်ဆိုတာကို မြန်မာမင်းတွေက တော်တော်ရူးခဲ့ကြတာကွ။ ဆင်အတွက် စရိတ်စကတွေ အများကြီး အကုန်ခံပြီး မွေးမြူထားတာကို ကြည့်ပြီး အင်္ဂလိပ်တွေက သံဝေဂရခဲ့တယ်ကွ”

“ရမှာပေါ့ကွာ”

“ဆင်ဖြူတော်ပုံပြင်တွေနဲ့ မှိုင်းမိနေတဲ့ ပြည်သူကို ချင်းထည့်ဖို့ မြန်မာဗိုလ်ချုပ်တွေက မကြာခဏ ဆင်ဖြူတော်ပေါ်တယ် လုပ်လေ့ရှိသကွ။ သာသနာပြု မင်းကောင်းမင်းမြတ် နာမည်ခံချင်လို့”

“အေးကွ”

“စာထဲမှာ ဖတ်ရသလို အဲသည်လို ဆင်ဖြူတော်ပေါ်တိုင်း တိုင်းပြည်ကောင်းရင် မြန်မာပြည်လည်း အင်္ဂလိပ်ကျွန် မဖြစ်ခဲ့ပါဘူးတဲ့ကွာ”

“ဟား ဟား ဟား ဟား ဟား ဟား . . . . . . .”

အဘစိမ်းမောင်ကား နားမထောင်ချင်သော်ငြား ကြားနေရ၍ အနေရခက်နေပုံပါ။ “ဒီလိုနေလို့တော့ မဖြစ်ဘူး၊ ငါလည်းဝင်ပြောမှပဲ” ဟူသည့်စိတ်ကူးနှင့် ဝင်ပြောလာပါ၏ ခင်ဗျာ။

“မင်းတို့တွေ ကြည့်ပြောကြနော် . . . ဆင်ဖြူတော်ဆိုတာ ပေါ့သေးသေးမဟုတ်ဘူး၊ ဗုဒ္ဓဝင်တွေ ထဲမှာကို ဟောထားတာကွ”

“အေးလေကွာ . . . ‘ဆင်’ ဆိုမှတော့ ‘ပေါ့သေးသေး’ ဖြစ်မလားဟ၊ ‘လေးကြီးကြီး’ ပေါ့”

“အဲ . . . . . .”

“ဟားဟား ဟားဟား ဟားဟား . . . . .”

လိုက်လည်းလိုက်တဲ့ ငယ်ပေါင်း အဘတွေ။

(ဂ)

အဘစိမ်းမောင်က အစွန်းရောက်ယုံကြည်မှုနှင့် ထပ်၍ပြောပြန်ပါလေ၏။

“မင်းတို့တွေ ကြည့်နေပါ . . . သည်ဆင်ဖြူတော်ကြောင့် မကြာခင်ကာလမှာ ငါတို့နိုင်ငံ အေးချမ်းသာယာပြီး ကြွယ်ဝလာတော့မှာ”

“ဟေ . . . ငါတို့တွေ ချမ်းသာတော့မှာပေါ့”

“ဒါပေါ့ကွ”

အဘစိမ်းကား ကြင်စိုး သာဝ မအလဘက်တော်သားပီပီ အစွန်းရောက်ကာ နဝေတိမ်တောင်နှင့် ထင်ရာစွတ်ယုံနေပါလေ၏။ ဟိုစာသမား အဘတွေကလည်း စာနှင့်ပေနှင့် ရှင်းပြကာ အစွန်းရောက်နေသူ သူငယ်ချင်းကို အစွန်းမှ ချောက်ထဲပြုတ်မကျစေရန် စေတနာမှန်မှန်နှင့် ကယ်တင်နေကြပါလေ၏။

“ဒီမှာစိမ်းမောင် . . အဲသည် ဆင်ဖြူတော်ပေါ်လို့သာ ချမ်းသာရိုးမှန်ရင် ဦးသန်းရွှေ အုပ်စိုးတဲ့ခေတ်၊ ဦးသိန်းစိန် အုပ်ချုပ်တဲ့ခေတ်တွေမှာလည်း ပေါ်လိုက်ပါတဲ့ ဆင်ဖြူတော်တွေ ဆိုတာ နည်းလားကွာ၊ ငါတို့ ချမ်းသာခဲ့လား”

“အဲ . . . ဟို . . . ဒီလိုကွာ . . .”

အဘစိမ်းမောင်ကား အကြပ်ရိုက်ကာ ပြန်ပြေးချင်ပုံ ပေါ်နေပါလေပြီ။ သို့သော်ငြား စကားဝိုင်းကား မပြတ်သေး။ အဘစောမူးသာက “ဒေါက်တာသန်းထွန်းပြောတဲ့ ‘ဆင်ဖြူတော်’ အကြောင်း အင်တာဗျူး နားထောင်ဘူးလား ဖေကြီး” ဟု ကျွန်ုပ်အား မေးလာလေရာ “ဗိုလ်ခင်ညွန့်ခေတ်က ဆန္ဒန်ဆင်မင်းရဲ့ ကြန်အင်လက္ခဏာမျိုးနဲ့ ပြည့်စုံတဲ့ ဆင်ဖြူတော်တစီး ပေါ်တယ်ဆိုပြီး အမည်ပေး ကင်ပွန်းတတ်မင်္ဂလာလုပ်တော့ RFA က ဒေါက်တာသန်းထွန်းကို အင်တာဗျူးတာလေး နားထောင်ဖူးပါတယ်” ဟု ဖြေဖြစ်ပါ၏။

“အေးကွ . . . အစွန်းရောက်တွေကို အဲဒါလေး ပြောပြရမယ်ကွ”

“ဆိုပါအုံး မူးသာရ . . .”

အဘလုံးတုံးက ဝင်ထောက်ပေးပါလေ၏။

“ဆင်ဖြူနဲ့ ဆင်မဲ ဘာကွာလဲဆရာလို့ မေးတော့ ဒေါက်တာသန်းထွန်းက “အတူတူပဲ။ မယုံရင် အနင်းခံကြည့်၊ ခရုသင်းစွဲဆင်ဖြူနင်းလည်း သေမှာပဲ၊ ဆင်မဲနင်းလည်း သေမှာပဲ” တဲ့”

“ဟားဟား ဟားဟား ဟားဟား”

“ဆင်ဖြူတော်ရောက်တဲ့အရပ်မှာ မိုးလေဝသကောင်းတယ်ဆိုတာ ဟုတ်ပါသလား ဆိုတော့ ဒေါက်တာသန်းထွန်းက “သဲကန္တာရထဲကို သွားထားကြည့်လေ၊ မိုးရွာမလား” တဲ့”

“ဟီဟီး ဟီဟီး ဟီဟီး . . . . . .”

“ဆင်ဖြူတော်ရှိရင် ဆန်ရေစပါးပေါတယ်ဆိုတာ ဟုတ်ပါသလားလို့မေးတော့ ဒေါက်တာသန်းထွန်းက “ကိုယ်စိုက်မှ ကိုယ်စားရမှာလေ၊ ဆင်ဖြူတော်ရှိလို့ ပေါမှာပဲဆိုပြီး မစိုက်ဘဲနေလေ၊ အကုန်ငတ်သေကုန်မှာပေါ့” တဲ့”

“ဟားဟား ဟားဟား ဟားဟား”

“ဆင်ဖြူတော်နဲ့စစ်တိုက်ရင် နိုင်တယ်လို့ ယူဆကြတယ်။ အဲဒါ ဟုတ်ပါသလားလို့မေးတော့ ဒေါက်တာသန်းထွန်းက “ခုခေတ်က Air Power ခေတ်လေ၊ ဆင်နဲ့တိုက်ရင် အကုန် မာလကီးယားကုန်မှာပေါ့” တဲ့”

“ဟားဟား ဟားဟား ဟားဟား”

“အခု မြန်မာနိုင်ငံမှာ ဆင်ဖြူတော် နာမည်ပေးပြီး နံ့သာရေ နဝရတ်ကိုးပါးရေနဲ့ ဖျန်းပြီး ဆင်ကိုရှစ်ခိုးပါတယ်။ ဆရာ ဘယ်လိုမြင်ပါသလဲလို့ နောက်ဆုံးမေးခွန်း မေးပြန်တော့ ဆရာက ဘယ်လိုဖြေလဲ သိလား”

“လုပ်ပါအုံး မူးသာရ”

“ဆရာကြီးဒေါက်တာသန်းထွန်းက “ဆင်ဆိုတာ တိရစ္ဆာန်ပဲလေ၊ တိရစ္ဆာန်ကိုရှိခိုးရင် တိရစ္ဆာန်တဲ့ နိမ့်ကျတဲ့လူ ဖြစ်သွားပြီလေ” တဲ့”

“ဝါး . . . . . ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင်ကား ဝါးကွပ်ပစ်ပေါ် ခြေစောင့်နင်းကာ ထိုမှသည် မြေပေါ်သို့ခုန်ချပြီး မုန်ယိုနေသော ဆင်ကြီးကဲ့သို့ ခြေလှမ်းကျဲကျဲကြီးများဖြင့် အဘစောမူးသာ၏ အိမ်ခြံသစ်ပင်အုပ်အတွင်းသို့ ကမူးရှူးထိုး ဝင်ရောက်ကာ ပျောက်ကွယ်သွားပါလေပြီတည်း။   ။

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024