Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီ မြန်မာပြည်သူများ ရမရ အလှူရှင်နိုင်ငံများ မေးခွန်းထုတ်ရန်လိုဟု NUG ဝန်ကြီးပြော
DVB
·
July 31, 2023

ကုလသမဂ္ဂနဲ့ နိုင်ငံတကာစာနာမှုဆိုင်ရာအဖွဲ့တွေဆီက အကူအညီတွေကို မြန်မာပြည်သူတွေ လက်ခံရယူနိုင်တာ ရှိမရှိဆိုတာကို အလှူရှင်နိုင်ငံတွေက လေ့လာမေးခွန်းထုတ်ဖို့ လိုတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးက ပြောပါတယ်။ 

ဇူလိုင် ၃၁ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နယ်မြေထိန်းချုပ်နိုင်တဲ့အချက်နဲ့ အကူအညီပေးမယ့်အဖွဲ့တွေဟာ စစ်ကောင်စီကနေတဆင့် ကူညီထောက်ပံ့ရတဲ့ အနေအထားဖြစ်နေပြီး အမှန်တကယ် လိုအပ်သူတွေဆီကို ရောက်မရောက်ဆိုတာကို အလှူရှင်နိုင်ငံတွေက အကူအညီပေးတဲ့အဖွဲ့အစည်းတွေကို လေ့လာမေးခွန်းထုတ်ဖို့လိုတယ်လို့  ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"CPO CSO တွေက အသံထွက်ဖို့လိုတယ်။ အလှူရှင်နိုင်ငံတွေက အသံထွက်ဖို့လိုတယ်၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက အသံထွက်ဖို့လိုတယ်၊ အဲ့လိုအသံများများထွက်မှ အဲ့ဒီမှာ ပြည်သူ့အသံကိုပြန်ကြည့်လိုက်၊ ပြည်သူ့အသံစစ်ကို ရယူလိုက်၊ ပြည်သူတွေ သူတို့မရဘူးဆိုတာ တွေ့လာလိမ့်မယ်၊ အဲ့ဒီအသံတွေနဲ့မှ တွန်းလှန်နိုင်မယ်လို့ ကျနော်ထင်တယ်။"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတာပါ။

အချိန် ၂ နှစ်ခွဲနီးပါးကြာလာတဲ့အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေပေးဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးတာကြောင့် စစ်ကောင်စီကနေတဆင့် အကူအညီတွေပေးဖို့ နည်းလမ်းကိုပဲ ကုလနဲ့နိုင်ငံတကာအဖွဲ့တွေက အသုံးပြုနေရတာဖြစ်ပါတယ်။

ဒေါက်တာဝင်းမြတ်အေးက "နိုင်ငံတကာက အကူအညီဆိုတာက NUG ကို ဘယ်နိုင်ငံကမှ တိုက်ရိုက်ပေးလို့မရဘူး။ နိုင်ငံတကာရဲ့ အကူအညီလုပ်ထုံးလုပ်နည်းက သူ့နိုင်ငံရဲ့ပါတနာ INGO တွေကတဆင့် ကူညီတာဖြစ်တယ်။ အာဏာကို မတရားရယူထားတဲ့ စစ်တပ်ရဲ့အဖွဲ့မှာပဲ မှတ်ပုံတင်ရတယ်၊ အဲ့လိုလုပ်ပြီးတော့မှ သူကစီးဆင်းပြီးတော့ အကောင်အထည်ဖော်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကာလ စစ်တပ်က ထိန်းချုပ်ထားတဲ့အချိန်မှာ လုပ်ရတဲ့အတွက်ကြောင့် ထိရောက်တဲ့ကူညီမှုတွေ လုံးဝမရပါဘူး။ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဧရိယာလေးလောက်မှာပဲ ကုန်သွားပြီဆိုတဲ့ ငွေ၊ စာရင်း အပြခံရတယ်။ အဲ့လိုနည်းနဲ့ သွားတာဖြစ်တဲ့အတွက် တကယ်ထိရောက်တဲ့ အကူအညီလုံးဝမရဘူး။ တကယ်လိုအပ်တဲ့သူတွေက EROs ထိန်းချုပ်နယ်မြေမှာရောက်နေပြီ၊ NUG PDF ထိန်းချုပ်နယ်မြေမှာ ရောက်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ မထိရောက်ပါဘူးလို့ ပြောချင်ပါတယ်" လို့ ပြောပါတယ်။

NUG အနေနဲ့ မြေပြင်က ပြည်သူတွေကို အကူအညီပေးတဲ့နေရာမှာ ငွေကြေးနဲ့ရိက္ခာ စီးဆင်းမှုအဟန့်အတား၊ အမှန်တကယ် ဒုက္ခရောက်တဲ့နေရာတွေကိုသွားလာဖို့ လမ်းပန်းဆက်သွယ်ရေး စတဲ့အခက်အခဲတွေရှိနေတာပါ။ 

ငွေကြေးစီးဆင်းမှုအတွက် NUG Pay နဲ့ တခြားသောကွန်ရက်တွေကို အသုံးပြုပြီး ငွေကြေးစီးဆင်းအောင် ပြုလုပ်နိုင်ပေမယ့် လိုအပ်သလောက် ပစ္စည်းတွေကို ဒေသတွင်းကပဲ ပြန်ဝယ်ရတဲ့အတွက် လိုအပ်သလောက်မရနိုင်သလို လိုအပ်တာကို သယ်သွားပြီး တခါတည်း ပေးဝေနိုင်တဲ့ အခြေအနေမျိုးမရှိသေးတာကို ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဝန်ခံပါတယ်။

NUG အနေနဲ့ အလိုအပ်ဆုံးသူတွေဆီကို အကူအညီတချို့ရောက်အောင် ပို့နိုင်ပေမဲ့ လိုအပ်ချက်တွေ အများကြီးရှိနေတာပါ။ ပြည်ပရောက်မြန်မာတွေကတော့ တတ်နိုင်တဲ့ဘက်ကနေအကူအညီပေးဖို့ နည်းလမ်းစုံနဲ့ကြိုးစားနေတယ်လို့ Anti Dictatorship in Burma - DC Metro Area အဖွဲ့မှ ဦးရင်အေးက ပြောပါတယ်။

"တခြားနိုင်ငံတွေ ထိုင်းမတရားဘူးဆိုရင် သွားဆန္ဒပြတယ်၊ အိန္ဒိယမတရားဘူးဆိုရင် အိန္ဒိယကို ဆန္ဒပြတယ်၊ US က မှား နေတယ်ဆို US ကို သွားတောင်းဆိုတယ်။ ဒီလိုမျိုး တိုက်ရိုက်တုံ့ပြန်မှုတွေနဲ့ ကျနော်တို့အုပ်စုတွေက တက်တက်ကြွကြွ အခုထိတရက်မှမပျက်ဘဲ အပတ်တိုင်းသွားနေပါတယ်။ ဒီအတွက်ကြောင့် ထိရောက်မှုတွေရှိပါတယ်။ ဒါ့အပြင်ကို Diplomatic ကမ်ပိန်းတွေ ကျနော်တို့သွားနေပါတယ်။ အောင်မြင်မှုတွေရှိနေပါတယ်။ ကျနော်တို့ဆက်သွားကြပါမယ်။ ပြီးရင် ရန်ပုံငွေရှာဖွေရေး ပြောစရာမလိုပါဘူး။ အပတ်တိုင်းအပတ်တိုင်း ဈေးရောင်းပြီးတော့ ရှာနေကြတယ်။ နည်းမျိုးစုံနဲ့ရှာနေကြတယ်၊ ဆိုတော့ အင်အားနဲ့ အောင်စိတ်နဲ့ပြန်ပြီးတော့ ကျနော်တို့ကျော်လွန်ကြမယ်" လို့‌ ပြောပါတယ်။

စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်း ခန့်မှန်းခြေလူဦးရေ ၅ သန်းကျော်မှာ စစ်ဘေးသင့်ပြည်သူ ၇ သိန်း ၆ သောင်းကျော်၊  မကွေးတိုင်းခန့်မှန်းခြေလူဦးရေ  ၄ သန်းနီးပါးမှာ စစ်ဘေးသင့်ပြည်သူ ၂ သိန်းနီးပါး၊ ချင်းပြည်နယ် ခန့်မှန်းခြေလူဦးရေ ၅ သိန်းမှာ စစ်ဘေးသင့်ပြည်သူ ၅ သောင်းကျော်အထိ ရှိနေတယ်လို့ စောင့်ကြည့်လေ့လာတဲ့ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ 

ကရင်နီပြည်နယ်တခုလုံးနဲ့ ကရင်ပြည်နယ်တို့မှာလည်း ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ပြည်သူအများအပြားရှိနေပါတယ်။ 

ဒါ့အပြင် ရိုဟင်ဂျာအရေးကိုလည်း NUG စတင်ဖွဲ့စည်းတုန်းကထုတ်ပြန်ခဲ့တဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်သွားမယ်လို့ NUG လူကယ်ပြန်ဝန်ကြီးက ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာလူမျိုးတွေကို မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်နေ့က နိုင်ငံတကာတရားရုံးICJ မှာ  မြန်မာနိုင်ငံကို တရားစွဲ အမှုဖွင့်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အဲဒီအချိန်က နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပတာတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးမှာတော့ NUG အစိုးရတာဝန်ရှိသူတွေက နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ပဲရှိတယ်လို့ ဆိုခဲ့ပါတယ်။ 

ရိုဟင်ဂျာအရေးကို NUG စတင်ဖွဲ့စည်းတုန်းက ထုတ်ပြန်ခဲ့တဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်သွားမယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"NUG ကတော့ ဒီတခါပြတ်ပြတ်သားသားဆောင်ရွက်နိုင်ပြီ၊ ကျနော်တို့ဘာမှမှုစရာမလိုဘူး၊ စစ်အာဏာရှင်ရဲ့ လွှမ်းမိုးမှု NUG မှာမရှိဘူး။ NUG အနေနဲ့ တရားမျှတမှုဖော်ဆောင်ဖို့ ခိုင်မာတဲ့ ကတိကဝတ်ထုတ်ပြန်ထားပြီးဖြစ်တယ်၊ ရိုဟင်ဂျာအရေးမှာလည်း ရပ်တည်ချက်ကို ထုတ်ပြီးသားဖြစ်တယ်၊ ဒါကိုအကောင်အထည်ဖော်ဖို့ ကျနော်တို့ လူ့အခွင့်အရေးဝန်ကြီးဌာန ပေါ်ပေါက်လာပြီးတော့ ဒီကိစ္စတွေကိုဆောင်ရွက်ဖို့ရှိတယ်။"

ရိုဟင်ဂျာအရေးကိစ္စတွေ ထဲထဲဝင်ဝင်ဆောင်ရွက်သွားဖို့၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ အားလုံးကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အာမခံချက်ရှိဖို့၊စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ဖို့ စတဲ့အချက်တွေပါဝင်တဲ့ ကြေညာချက်ကို NUG က ၂၀၂၁ ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးအပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးရဲ့ တရားခံဟာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေသာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေရဲ့ တရားမျှတမှုမရှိခြင်းကို အရေးယူဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းတယ်။ ဆက်ပြီးတော့လည်း တရားခံတွေကိုဖော်ထုတ်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆက်ကြိုးစားနေတာဖြစ်ပါတယ်။"

မြန်မာနိုင်ငံအတွင်း စစ်ဘေးသင့်ပြည်သူတွေ တနေ့တခြားပိုများလာတာ၊ မြန်မာ့အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာက ရိုဟင်ဂျာအရေးကို အလေး ပေးစောင့်ကြည့်တာ၊ နိုင်ငံတကာရဲ့ စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ မျှော်လင့်ထားသလို ရောက်မလာသေးတာ၊ တိုက်ပွဲကာလ ကြာရှည်လာတာတွေကြောင့် တော်လှန်ရေး အောင်နိုင်ခြေအပေါ် ပြည်သူတွေမှာ စိုးရိမ်စိတ်တွေရှိနေပါတယ်။

ကိုရင်အေးက "တပ်ဦးမှာ NUG ရှိနေလို့ရှိရင် ကျနော်တို့ PDF တွေ ပြည်သူတွေ နိုင်ကိုနိုင်ရမယ်၊ ဒါကြောင့်မို့ NUG ကလည်း လုံးဝမတွေဝေသွားဘဲနဲ့ စစ်ကောင်စီကစားကွက်ထဲ မပါသွားဘဲနဲ့ ကျန်ခဲ့ဖို့ဆိုတာ ကျနော်တို့ ပံ့ပိုးမယ်၊ ဝိုင်းရံမယ်၊ ထိန်းကျောင်းမယ်။ ပြည်သူတွေက ပံ့ပိုးမယ်ဆိုရင် နိုင်ကိုနိုင်ရမယ်” လို့ ပြောပါတယ်။

 အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ မှာ မြန်မာနိုင်ငံကို တရားစွဲခဲ့တာပါ။ 

ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်မှာ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေဟာ ၁၉၄၈ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ် လို့ ဆိုပါတယ်။

နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ချေပတုန်းက NLD အစိုးရရဲ့ ဆောင်ရွက်ချက်အတိုင်း အနောက်ကလိုက်မယ်လို့ မြန်မာစစ်တပ်က လိမ်ညာပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024