Home
ဆောင်းပါး
ပြည်သူ့အရိုးပုံထက် အုတ်မြစ်ပန္နက် သွေးရေစက်ချ မာရဝိဇယ (သို့) မိစ္ဆာအကုသိုလ်ဖုံး စကျင်ကျောက်တုံး
DVB
·
July 31, 2023

မြန်မာပြည်သူအများစုရဲ့ ဆန္ဒမဲရလဒ်ကို မျက်ကွယ်ပြုပြီး နိုင်ငံ့အာဏာ ၃ ရပ်လုံးကို လုယက်ယူခဲ့ရုံတင်မက ပြည်သူ့ဘဏ္ဍာငွေကြေးနဲ့ ဝယ်ယူထားတဲ့ လက်နက်ခဲယမ်းမီးကျောက် တွေကိုသုံးပြီး ပိုင်ရှင်ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတာ ၂ နှစ်ခွဲ ကျော်လာခဲ့ပေမဲ့ ဆက်လက်မိုက်မဲရမ်းကားမပျက် သတ်ဖြတ်၊ မီးရှို့ရင်း ပြည်သူ့သွေးစိမ်း ဆက်လက်ရွှဲနစ် စွန်း‌ပေနေတဲ့ လက်ပိုင်ရှင် သမ္မတရူး မိစ္ဆာစစ်ဓားပြ မင်းအောင်လှိုင်နဲ့ စစ်ပြိတ္တာတအုပ်ဟာ လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ မာရဝိဇယလို့ သူတို့ဘာသာ အမည်ပေးထားတဲ့ စကျင်ကျောက်တုံးကို ထီးတင်ဖို့ ပြင်ဆင်နေကြပါတယ်။

ပြည်သူလူထုကိုသတ်ဖြတ်၊ ကိုယ့်နိုင်ငံသားသွေးနဲ့ ခြေဆေးပြီး အာဏာလုယက်ခဲ့ကြတဲ့ စစ်အာဏာရှင် မိစ္ဆာရူးတိုင်းဟာ သူတို့ရဲ့ မဟာအကုသိုလ်ကြီးတွေက လွတ်လိုလွတ်ငြား စိတ်ထွက်ပေါက်ရှာ၊ အားကိုးရှာတဲ့သဘောနဲ့ သဒ္ဓါတရား ယုံကြည်မှုမမှန်ဘဲ ဘုရားတည် ထီးတင်ပြီး လူပြိန်းကြိုက် ဘုရားဒကာ ကျောင်းဒကာ ခံတာတို့ အခုလို အနှစ်မပါတဲ့ သာသနာပြုတာတွေ လုပ်လေ့ရှိပါတယ်။

ပထမစစ်မိစ္ဆာအာဏာရှင် နေဝင်းတုန်းကလည်း အာဏာလက်မလွှတ်ရခင် ရွှေတိဂုံဘုရားနား ကပ်ပြီး မဟာဝိဇယစေတီဆိုပြီး တည်ခဲ့ရာမှာ ပြည်သူလူထုအများစု မသွားကြတဲ့ ကပ်ကျော်ဘုရား ဖြစ်ခဲ့ရပါတယ်။ ဒုတိယစစ်မိစ္ဆာရူး သန်းရွှေတုန်းကလည်း လူမြင်ကွင်းက မပျောက်ကွယ်ခင်မှာ ရွှေတိဂုံစေတီပုံတူကူးဘုရားတွေ လျှောက်တည်ပြီး သံသရာမှာ ဝဋ်လိုက်မှာ ငရဲကျခံရမည့်ဘေး ကြောက်ပြီး စိတ်ထွက်ပေါက်ရှာခဲ့တာပါပဲ။

အခုနောက်ဆုံး မြန်မာ့သမိုင်းမှာ အယုတ်ညံ့ဆုံး လူသတ် မီးရှို့ ဓားပြ ခွင့်မလွှတ်ထိုက်တဲ့ အမှားတွေ သိသိကြီးနဲ့ ဆက်ကျူးလွန်နေကြတဲ့ သမိုင်းတရားခံ မင်းအောင်လှိုင်နဲ့ နောက်လိုက် လက်ပါးစေ စစ်ပြိတ္တာတအုပ်ဟာ သူတို့အရင် စစ်အာဏာရှင်တွေ လမ်းစဉ်အတိုင်း အကုသိုလ် ကုဋေကဋာ ကျူးလွန်နေလျက်တန်းလန်းနဲ့ ဘုရားတည် ထီးတင်ဖို့ ကျပ်ပြေးနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ စကျင်ကျောက်နဲ့ထုထားတဲ့ မာရဝိဇယလို့ အမည်ပေးထားတဲ့ မိစ္ဆာအကုသိုလ်ဖုံး စကျင်ကျောက်တုံး ထီးတင်ကြမှာ ဖြစ်ပါတယ်။

အလုပ် ၃ ပါးကံနဲ့ ကျူးလွန်တဲ့ အကုသိုလ်ဆိုတာ ယုံကြည်မှုသဒ္ဓါမပါဘဲ၊ မြတ်စွာဘုရားရှင် ဆုံးမဟောပြတဲ့ တရားတွေကို လိုက်နာကျင့်ကြံမှုမရှိဘဲ သာသနာကို အယောင်ပြပြုတာ၊ ရုပ်ဝတ္ထု၊ အုတ်ပုံတည်တာ၊ ကျောက်တုံးပုံထုတာတွေနဲ့ ဖုံးကွယ်လို့မရသလို ကိုယ်ကျူးလွန်တဲ့ အပြစ်တွေကနေ ရှောင်ရှားလို့ မလွတ်မြောက်နိုင်ပါဘူး။ ကံနဲ့ ကံ၏အကျိုးကို မလွဲမသွေ ပြန်လည်ရင်ဆိုင် ပေးဆပ်ရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ မဇ္ဈိမနိကာယ် ဒက္ခိဏာဝိဘင်္ဂသုတ်ထဲမှာ အလှူအတန်းနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။

“အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလမရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါ မဟော”။

အဲ့ဒီ စကျင်ကျောက်တုံးကို အုတ်မြစ်ပန္နက်ချခဲ့တုန်းက ပြည်သူကို ဦးနှောက်ထွက်ကျတဲ့အထိ ခေါင်းကိုတည့်တည့်ပစ်ခတ်ပြီး သွေးမြေကျစေခဲ့ပြီး မြန်မာနိုင်ငံသား ၂ သန်းကျော်ကို အိမ်ခြေရာခြေမဲ့စေတဲ့ လူသတ်ပြည်ဖျက် သမ္မတရူး မင်းအောင်လှိုင်က ပတ္တမြားစီထားတဲ့ ရွှေအုတ်မြစ်ကို ပြည်သူလူထုအရိုးပုံကြီးထက်မှာ ပန္နက်ချခဲ့တဲ့သဘော ဖြစ်ပါတယ်။ ပြီးတော့ အကြမ်းဖက် လူသတ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့အိမ်ရာ ၇ သောင်းကျော်ကို မီးရှို့ဖျက်ဆီး၊ လေယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ကြတဲ့ လူသတ်ဓားပြ စစ်ပြိတ္တာတွေဖြစ်တဲ့ စိုးဝင်းက ပုလဲအုတ်မြစ်၊ မြထွန်းဦးက နီလာအုတ်မြစ်၊ တင်အောင်စန်းက ဂေါ်မုတ်အုတ်မြစ်၊ မောင်မောင်ကျော်က မြအုတ်မြစ်၊ အောင်လင်းဒွေးက သန္တာအုတ်မြစ်၊ ဝင်းရှိန်က ကြောင်မျက်အုတ်မြစ်၊ ကျော်စွာလင်းက ဥဿဖရားအုတ်မြစ်၊ ကံမြင့်သန်းက စိန်ရတနာ အုတ်မြစ်တွေ ပန္နက်ချပြီး ခွေးရေပရပိုက်မှာ အကုသိုလ်သမိုင်းမှတ်တိုင်ထိုးပြီး အရေခြုံ သာသနာ ပြုခဲ့ကြပါတယ်။

အထက်က စစ်ပြိတ္တာအုပ် ကျူးလွန်ခဲ့ ကျူးလွန်ဆဲ ခွင့်မလွှတ်အပ်တဲ့ စစ်ရာဇဝတ်မှုတွေ မဟာအကုသိုလ်ဆိုးကြီးတွေကို ကြည့်လိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့အထိ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြလို့ စစ်မိစ္ဆာကောင်တွေရဲ့ အသတ်အဖြတ်ခံခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းမှာ ၃,၈၁၉ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ စစ်ဖြစ်လို့ အသက်ဆုံးခဲ့ရတာ မဟုတ်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မင်းအောင်လှိုင် အာဏာလုပြီးတဲ့နောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၈ သန်း ရှိနေပြီး အဲဒီထဲက ၁ ဒသမ ၅ သန်းဟာ အာဏာသိမ်းပြီးနောက် တိုးလာတာပါ။ အာဏာမလုခင် ရှိနှင့်ပြီးသား စစ်ဘေးဒုက္ခသည် ၅ သိန်းလောက်နဲ့ပေါင်းရင် အခုဆို မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၃ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

Data For Myanmar က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် နေအိမ် ၇၀,၃၂၄ လုံး မီးရှို့ခံရပြီး အဲ့ဒီထဲက နေအိမ် တသောင်းနီးပါး (၉,၈၆၅ လုံး) က ဒီနှစ် မတ်လကနေ မေလကုန်အထိ သုံးလအတွင်း မင်းအောင်လှိုင်တို့ စစ်မိစ္ဆာတွေရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းက အိမ်ခြေ ငါးသောင်းကျော် (၅၃,၈၁၆ အိမ်) နဲ့ အများဆုံးမီးရှို့ခံခဲ့ရပြီး မကွေးတိုင်းက တသောင်းကျော် (၁၀,၄၅၁ အိမ်)၊ ချင်းပြည်နယ်က တထောင့်ခြောက်ရာကျော် (၁,၆၃၇ အိမ်)၊ ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

Institute of Strategy and Policy - ISP Myanmar က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ အာဏာလုယူပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၈,၆၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောင်းသားအရွယ် လူမမယ်ကလေးပါမကျန် ဗုံးကြဲသတ်ဖြတ်မှုတွေကို အမိန့်ပေး‌စေခိုင်းသူ မိစ္ဆာရူး မင်းအောင်လှိုင်၊ ဒုကာယုတ် သားသတ်သမား စိုးဝင်း၊ လေဓားပြတပ် အကြီးအကဲ ဗိုလ်ယုတ်ကြီးထွန်းအောင်တို့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနိုင်ငံလုံးအနှံ့ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင် ခုခံတော်လှန်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ မြေပြင်မီးရှို့စစ်ကြောင်းတွေ အထိနာလာတဲ့ နောက်ပိုင်းမှာ လေကြောင်းစစ်ဆင်ရေးကို အဓိက အသုံးပြုလာခဲ့တဲ့ တရားခံတွေ ဖြစ်ပါတယ်။

နောက်ထပ်ဆိုးဝါးတဲ့ စစ်ရာဇဝတ်ကောင်ကတော့ စစ်ကောင်စီ ငရဲခန်း‌တွေရဲ့ တာဝန်ခံ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ယုတ်ကြီးရဲဝင်းဦး ဖြစ်ပါတယ်။ ရဲဝင်းဦးနဲ့ သူ့ရဲ့ စစ်ထောက်လှမ်း‌ရေးအဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တရားဝင် လူသတ်လိုင်စင်ရတဲ့ အဖွဲ့တခု ဖြစ်လာခဲ့ပါတယ်။ မနက်ဖမ်း ညနေအလောင်းလာထုတ်ခိုင်းပြီး ကမ်းကုန်အောင် ရိုင်းစိုင်းယုတ်မာခဲ့ကြပါတယ်။

ဖက်ဆစ်စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရချိန်အတွင်း အထူးသဖြင့် စရဖရဲ့လက်အောက်က စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ အပါအဝင် အာဏာသိမ်းပြီးနောက် သေဆုံးခဲ့သူ ၇၀၇ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်မိစ္ဆာကောင် ရဲဝင်းဦး ဦးဆောင်တဲ့ စရဖလူသတ်အဖွဲ့ဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထားစဉ်အတွင်းမှာ သတင်းရယူဖို့အတွက် လူသားမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းအမျိုးမျိုးကို အသုံးပြုနေကြသလို စစ်ကြောရေးပြုလုပ်နေစဉ် အကျဉ်းသား သေဆုံးသည့်တိုင်အောင် ရိုက်သတ် စစ်မေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ရာဇဝတ်ခုံရုံးမှာ တအုပ်လုံးတင်အပြစ်ပေးရမယ့် စရဖအဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်နည်းတွေထဲမှာ ဆူပွက်နေသောအရည် သို့မဟုတ် ဓာတုဆေးရည်တွေကို စစ်မေးခံရသူရဲ့ ပါးစပ်မှ ဝမ်းဗိုက်အတွင်းထဲကို လောင်းထည့်တာ၊ ဖက်ဆစ်တပ်ကို ဆန့်ကျင်တဲ့ ဘယ်သူကိုမဆို ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့ ပုံစံပျက်ယွင်းနေတဲ့ အလောင်းတွေကို မိသားစုဆီကို ပြန်ပို့တာတွေဟာ လုံးဝခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ မြန်မာနိုင်ငံသမိုင်းမှာ အရိုင်းစိုင်းဆုံး အယုတ်ညံ့ဆုံး သမိုင်းတရားခံ မင်းအောင်လှိုင်နဲ့ ဝိုင်းရံသူ စစ်သားယုတ်၊ လူယုတ်၊ ရဟန်းယုတ်တွေဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရစကောင်းတဲ့ လူ့ဂုဏ်သိက္ခာကို နင်းခြေဖျက်ဆီးတဲ့ စစ်ရာဇဝတ်မှုတွေ မရေတွက်နိုင်အောင် ပြည်သူလူထုအပေါ် ရက်စက်ရမ်းကားစွာ မရပ်မနား ကျူးလွန်နေကြဆဲ အချိန်မှာကို မာရဝိဇယ စကျင်ကျောက်တုံးကို အကြောင်းပြုပြီး သွေးစက်လက်ကျနေတဲ့ လက်တွေနဲ့ လူပြိန်းတောင် မယုံကြည်တော့တဲ့ ဘရားတည် ထီးတင် သာသနာပြုကြတယ်၊ ဘုရားဒ‌ကာဘွဲ့ ခံယူကြမယ် ဆိုတာဟာ မြတ်ဗုဒ္ဓအလိုကျမဟုတ်တဲ့ လူသတ်ဒကာ၊ မီးရှို့ဒကာ၊ မုဒိမ်းဓားပြဒကာဘွဲ့တွေပဲ ရရှိကြမှာဖြစ်ပါတယ်။

မာရဝိဇယ ဆိုတာဟာလည်း ပြည်သူ အထောင်‌အသောင်းရဲ့ အရိုးပုံကြီးပေါ်မှာ အုတ်မြစ်ချပြီး သန်း ၅၀ သော မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘဝ အသက်တွေကို ဌာပနာသွင်းလို့ သွေးရေစက်သွန်းချ မကောင်းမှုအမျှဝေရာ မိစ္ဆာအကုသိုလ်ဖုံး စကျင်ကျောက်တုံးတခုသာပဲမို့ အမှုတွဲ အကုသိုလ်လက်ဝေခံ ခရိုနီ ခရိုပြာ ဝိသမစီးပွားရေးသမားတွေ၊ အသိဉာဏ်နုံနည်းတဲ့ လူ့ဗာလ လူ့အန္ဓတွေ၊ ဘုရားရှင်စကား မလိုက်နာကြတဲ့ သီလပျက် ရဟန်းယုတ်တွေရဲ့ အမိုက်မှောင် ကမ္ပည်းထိုး ကျောက်တုံးအဖြစ် သမိုင်းတင်ရစ်ခဲ့မှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024