Home
မြန်မာသတင်း
စစ်တွေတွင် လူငယ်များ  ဆေးခြောက်သုံးစွဲမှု ပိုမိုပြားလာ
DVB
·
July 31, 2023

ရခိုင်ပြည်နယ် စစ်တွေမြို့က လူငယ်တွေ  ဆေးခြောက်သုံးစွဲတာတွေ များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့ခံ လူကြီးတဦး "ပြောရမယ်ဆိုယင် ဆေးခြောက်ကို ဆေးလိပ်နဲ့ လိပ်ပြီးသားတွေ စစ်တွေမြို့ နေရာတိုင်းမှာ ဝယ်ယူလိုရနေတယ်။ သုံးစွဲမှုအများဆုံးက လူငယ်တွေ ဖြစ်နေကြတယ်။ အရက်ဆိုင်တွေမှာ အရက်နဲ့ ဆေးခြောက်တွဲသောက်နေကြတာ အများဆုံးတွေ့နေရတယ်"လို့ ပြောပါတယ်။

ဆေးခြောက်သုံးစွဲနေတဲ့ လူငယ်အများစုမှာ စစ်တွေမြို့ခံ လူငယ်တွေအပြင် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးက တက္ကသိုလ် လာတက်နေတဲ့ ကျောင်းသား အများစု သုံးစွဲနေကြတယ်လို့ စစ်တွေမြို့မိမြို့ဖ တဦးက ပြောပါတယ်။

"စစ်တွေမြို့ပေါ်က ကျောင်းသားလူငယ်တွေထက် နယ်မြို့တွေက ပညာသင်ဖို့ ရောက်လာတဲ့ လူငယ်တွေ  ထိုင်တဲ့ အရက်ဆိုင်ကို ဝင်လိုက်တာနဲ့ ဆေးခြောက်အနံ့က တဆိုင်လုံး ပျံ့နှံ့နေတာ။ ဒါပေမဲ့ အဲဒီအရက်ဆိုင်က ဆေးခြောက်ရောင်းတာတော့ မဟုတ်ဘူး။ ဆေးခြောက်ရောင်းတဲ့ ကွမ်းယာဆိုင်တွေက လိပ်ပြီးသားဆေးခြောက်ဆေးလိပ်တွေ ဝယ်လာကြပြီး အရက်ဆိုင်မှာ သုံးကြတာ။"

အခုလို စစ်တွေမြို့မှာ ဆေးခြောက်နဲ့ အရက်ရောင်းချနေတဲ့ ဆိုင်တွေကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်ပြီး အရေးယူဖို့လိုပေမဲ့ ရဲတွေအနေနဲ့  ဆက်ကြေး ရနေကြတာကြောင့် ထိရောက်စွာ ဖမ်းဆီးတာမရှိဘူးလို့  ဒေသခံတွေက ပြောပါတယ်။

စိတ်ကြွဆေးပြားတွေဟာ ထိုင်းကတဆင့် ရခိုင် အဲဒီကမှ ဘင်္ဂလားဒေ့ရှ်ကို ပို့ဆောင်နေသလို အဲဒီက ဝင်လာတဲ့ ဆေးခြောက်၊ မော်ဖင်း၊ ဒိုင်ယာစီပင်၊ ဖန်စီဒိုင်းတွေဟာလည်း  စစ်တွေမြို့ကတဆင့်  ပြည်မထဲကို တင်ပို့နေ​ကြတာပါ။

ရခိုင်ပြည်နယ်မှာ ဆေးခြောက်ဖမ်းဆီးရရှိမှု ၂၀၁၀  ပြည့်နှစ်မှာ ၂၁ မှုရှိခဲ့ပြီး ဒီနောက်ပိုင်းမှာ ဆေးခြောက်ဖမ်းဆီးရရှိမှု တဖြည်းဖြည်း နည်းပါးလာကာ  စစ်တပ်အာဏာသိမ်းပြီးနောက်  ၂၀၂၂ မှာ ဆေးခြောက်ဖမ်းဆီးတာ မရှိသလောက် နည်းပါးသွားတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024