Home
မြန်မာသတင်း
မြန်မာ့အရေးအတွက် Burma Act အရ အမေရိကန်ဒေါ်လာ ၁၂၁ သန်း အသုံးပြုခွင့်ပေး
DVB
·
July 30, 2023

၂၀၂၃ ခုနှစ် အမေရိကန်ကာကွယ်ရေးဥပဒေ (NDAA) ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းဖော်ပြခဲ့ပြီးတော့ ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်း ခွင့်ပြုပေးခဲ့ပါတယ်။ 

ဒီနှစ်မှာတော့ Burma Act ကို ရည်ညွှန်းပြီး အမေရိကန်ပြည်ထောင်စုကနေ အမေရိကန်ဒေါ်လာ ၁၂၁ သန်း ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒီနှစ် ပြဋ္ဌာန်းချက်မှာ မနှစ်ကနဲ့ မတူတာက သဘာဝဘေးအန္တရာယ်၊ ဒုက္ခသည်တွေ ရွှေ့ပြောင်း အခြေချတာနဲ့ ပတ်သက်တဲ့အကူအညီတွေမပါပေမယ့် အဲဒီ အကူအညီတွေအတွက် သပ်သပ် ဘတ်ဂျက်တခုနဲ့သွားမယ်လို့  Los Angeles Myanmar Movement (LA2M) အဖွဲ့၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“မနှစ်တုန်းက Burma Act ကို NDAA ထဲမှာ ထည့်ပြီး Pass လုပ်လိုက်တော့ တော်တော် နောက်ကျနေပြီ။ မနှစ်တုန်းက appropriation act (အစိုးရ အသုံးစရိတ်လျာထားငွေ ပြဋ္ဌာန်းချက်) က Burma Act အတွက် သတ်သတ်မှတ်မှတ် ရည်မှန်းထားတဲ့ ဘတ်ဂျက်မပါဘူး။ ဒီနှစ်က Burma Act အတွက်ကို ပိုပြီးတိတိကျကျ သတ်မှတ်ထားတာလို့ ယူဆရတယ်။ မနှစ်တုန်းကတော့ ဘာမှန်း မသိဘူး။ ၁၃၆ သန်းပေးပြီး အခုထက်ထိလည်း အကုန်မသုံးရသေးဘူး။ အများကြီးဖြစ်နိုင်တယ်။ အခုမှ မိတ်ဆက်အဆင့် ရှိသေးတယ်။ pass မဖြစ်သေးဘူး။ ဒီမှာက Bill က pass ဖြစ်ပြီးသွားရင်တောင် သမ္မတဆီမတင်ခင် ပြောင်းနိုင်သေးတယ်။ သမ္မတ လက်မှတ်ထိုးပြီးမှ အတည်ဖြစ်တာ။ ဒီကြားထဲမှာ ရထားတာလျော့မသွားအောင် ကျနော်တို့ကြည့်ပြီး လှုပ်ရှားရမှာပေါ့"

ဒီနှစ်အတွက် အမေရိကန်သမ္မတ လက်မှတ်မထိုးရသေးပေမယ့် အောက်လွှတ်တော်မှာရော ဆီးနိတ်မှာပါ သဘောတူပေးထားတဲ့ အနေအထားလို့ သိရပါတယ်။ 

သမ္မတ လက်မှတ်မထိုးခင်အချိန်ထိ အပြောင်းအလဲအများကြီးရှိနိုင်ပြီး မနှစ်ကနဲ့ မတူတဲ့ ထူးခြားတဲ့အချက် ၄ ချက်လောက် ပါလာတယ်လို့ သိရပါတယ်။

LA2M အဖွဲ့၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက "မနှစ်ကနဲ့ မတူတာဆိုရင် Non-lethal assistance (လူကို သေစေနိုင်ခြင်းမရှိတဲ့အရာ)ကို define (သတ်မှတ်) လုပ်လိုက်တယ်။ နောက်ပြီးတော့ သဘာဝဘေးအန္တရာယ်အကူအညီတွေ၊ ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချတာတို့နဲ့ပတ်သက်တဲ့ အကူအညီတွေအတွက် ဘတ်ဂျက်သပ်သပ်ပါလို့ ပြောလိုက်တယ်။ မနှစ်က appropriation act (အစိုးရ အသုံးစရိတ်လျာထားငွေ ပြဋ္ဌာန်းချက်) ကို ပြန်ညွှန်းတယ်။ ဟို Act ရဲ့ extension အဆက်လို ဖြစ်သွားတယ်”

Burma Act ဥပဒေကို တပါတည်း ထည့်ပေါင်းထားတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသား ကာကွယ်ရေး အက်ဥပဒေ (NDAA) ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး ဒီဥပဒေမှာ NUG၊ NUCC၊ CRPH နဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ကူညီထောက်ပံ့မှုတွေ ပေးအပ်ဖို့ ပါဝင်ပါတယ်။

“ကျနော်ကြားတာက House က bill က စက်တင်ဘာ အောက်တိုဘာလောက် bill ဖြစ်နိုင်တယ် ယူဆတယ်။ ဘေလ်ဖြစ်ရင် ပိုက်ဆံသုံးလို့ရမယ်။ ၁၃၆ သန်းအပြင် ၁၂၁ သန်းပိုလာတာပေါ့။ တချို့က တွက်တာပေါ့။ ၁၃၆ သန်းဘက်က ပိုတဲ့ပိုက်ဆံကို ဒီဘက်မှာ ပြန်ပေါင်းလိုက်ပြီး ၁၆၇ သန်းတို့ ဘာတို့ ပြောတယ်။ ဒါပေမဲ့ အဲဒီ map က ကျနော်တို့ မှားတယ်ထင်တယ်။ ၁၃၆ သန်းကို ကုန်အောင်သုံးပြီးမှ ဒီဘက် ၁၂၁ သန်းကို ဆက်သုံးမှာပေါ့။ ဟိုက ကျန်တဲ့ဥစ္စာကို ဒီမှာ လာပေါင်းတာတော့ သိပ်အဓိပ္ပါယ်မရှိဘူးလို့ မြင်တယ်" လို့ ပြောပါတယ်။

Burma Act ဥပဒေအရ အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ထဲကနေ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် အကူအညီအထောက်အပံတွေ ရရှိမှာ ဖြစ်ပါတယ်။ 

ဥပဒေထဲမှာ ၂၀၂၃ ကနေ ၂၀၂၇ အထိ ၅ နှစ်စာ အကူအညီတွေပါဝင်မှာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024