Home
မြန်မာသတင်း
ယာဉ်မောင်းကိုသတ်ဖြတ်မှုဖြင့် မလေးရှားတွင် မြန်မာနိုင်ငံသားတဦး သေဒဏ်ပေးခံရ
DVB
·
July 30, 2023

မလေးရှားနိုင်ငံမှာ ဒေသခံ Grab ယာဉ်မောင်းတယောက်ကို သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားတယောက် အပါအဝင် နိုင်ငံခြားသား ၂ ယောက်ကို ဇူလိုင် ၂၉ ရက်မှာ တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်က မြန်မာနိုင်ငံသား ကိုဆွာလေးနဲ့ အိန္ဒိယနိုင်ငံသားတယောက်ဟာ ဒေသခံ Grab ယာဉ်‌မောင်းကိုသတ်ဖြတ်မှုနဲ့ ဆာလာရန်း အထက်တရားရုံးမှာ တရားစွဲ၊ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၅ နှစ်အကြာမှာ တရားစီရင်ခံရတာ ဖြစ်တယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

"ယာဉ်မောင်းက ဓားခုတ်ခံရပြီး သေဆုံးခဲ့တာ။ တရားခံ၂ ယောက်စလုံးက အဲဒီယာဉ်မောင်းရဲ့ကားမှာ နောက်ဆုံးငှားစီးခဲ့သူတွေဖြစ်တယ်လို့‌ ပြောပြီး သူတို့ကို DNA စစ်ထားတဲ့‌ အဖြေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က အမှုကို ခုမှတရားစီရင်လိုက်တာ" လို့ ဆိုပါတယ်။

‌မလေးရှားနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား ကိုဆွာလေးက လူသတ်မှုကျူးတယ်၊ မကျူးလွန်ခဲ့ဘူးဆိုတာ မသိနိုင်ဘူးလို့ ဒီဖြစ်စဉ်ကို သိတဲ့ မြန်မာနိုင်ငံသား တယောက်ကလည်း ခုလိုပြောပါတယ်။

"ကျနော့်အနေနဲ့ပြောရရင်တော့ ဒီလူက ကျနော်တို့နေတဲ့ နေရာကပဲ။ သူလုပ်တာ မဟုတ်ဘူး လို့ ပြောတယ်။ မတရားစွပ်စွဲခံရတယ်ပဲ ပြောမလား။ ဒီအမှုမှာကလည်း သူတို့နှစ်ယောက်က နောက်ဆုံးကားငှားစီးတာဆို‌တော့ ပြောရတော့ခက်တယ်။ တကယ်စိတ်မကောင်းဘူး" လို့ ဆိုပါတယ်။

ဒေသခံယာဉ်မောင်းကို သတ်ဖြတ်မှုနဲ့တရားစီရင်ခံသူ မြန်မာနိုင်ငံသား ကိုဆွာလေးနဲ့ အိန္ဒိယနိုင်ငံသားတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ စွဲချက်တင်ပြီး သေဒဏ် အမိန့်ချမှတ်လိုက်တာလို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ ဇူလိုင် ၄ ရက်က မိသားစုလိုက်ပြန်ပေးဆွဲခံရမှု၊ ဇူလိုင် ၁၆ ရက်မှာ မြန်မာနိုင်ငံသားတယောက်ကားတိုက်ခံရမှု၊ ဇူလိုင် ၁၈ ရက်က ကားတစီးပေါ်မှာ မြန်မာနိုင်ငံသား ၃ ယောက်သေဆုံးလျက်တွေ့ရှိမှုနဲ့ ဇူလိုင် ၂၉ ရက်က မြန်မာနိုင်ငံသား တယောက် ဆိုင်ကယ်တိုက်မှုတို့ ဖြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024