တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဇူလိုင် ၂၉ ရက်မနက်ပိုင်းကစလို့ ရပ်ကွက်တချို့ ရေကြီးနေပြီး အမျိုးသားတယောက် ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဆီကသိရပါတယ်။
ကျွန်းမွှေးရပ်ကွက် ၁ လမ်းနဲ့ ၈ လမ်း၊ မြို့သစ်ရပ်ကွက်၊ ရှမ္မလည်ဆွဲရပ်ကွက်နဲ့ ဆေးရုံလမ်းတို့မှာ ရေကြီးနေတာဖြစ်ပြီး ရေလုံးဝကျသွားတဲ့ အခြေအနေ မရှိသေးတာကြောင့် ရေကြီးနေတဲ့ရပ်ကွက်တွေက ပြည်သူတွေကတော့ နီးစပ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
ဇမ္ဗူသီရီ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူက "မနေ့ကတော့ တနေ့လုံး ရေတက်နေတယ်။ ကယ်ဆယ်ရေးတွေ လုပ်ပေးနေရတယ်။ ဒီနေ့ကတော့ ရေကြီးလို့ ကူညီကယ်ဆယ်ရေးအတွက် အကူညီတောင်းလာတာတော့ မရှိသေးဘူး။ အဆင်သင့်တော့ပြင်ထားတယ်" လို့ ပြောပါတယ်။
ရေကြီးတဲ့အခြေအနေ ပိုဆိုးရွာလာရင် ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ကယ်ဆယ်ရေးလှေနဲ့ ကယ်ဆယ်ရေးစခန်းတွေ အဆင်သင့်ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၂၉ ရက် ညနေပိုင်းက ထားဝယ်မြို့၊ ဂေါက်ကွင်းလမ်းမှာရှိတဲ့ နော်စိန်(မောင်စိန်) ရေကန်မှာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတယောက် ရေမြုပ်သေဆုံးနေတာကြောင့် ဆယ်ယူပြီး ထားဝယ်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ထားဝယ်မြို့မှာ ဇူလိုင် ၂၉ ရက်က မိုးရေချိန် ၆ ဒသမ ၈၅ လက်မရွာခဲ့ပြီး နောက် ၂ ရက်အထိ ရွာနှုန်းပြည့်နဲ့ မိုးရွာ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လအတွင်းမှာပဲ ထားဝယ်ခရိုင်ထဲမှာ မိုးသက်လေပြင်းကျရောက်တာနဲ့ မိုးကြီးတာကြောင့် ရေကြီးရေလျှံ ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး သစ်ပင်ကျိုးကျမှု ၆ ကြိမ် ဖြစ်ခဲ့လို့ လူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။