နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကိုးတစ်ကျေးရွာနားမှာ ဇူလိုင် ၂၉ ရက် မနေ့ ညနေလေးနာရီကျော်က ပစ်ခတ်မှုဖြစ်ပြီး အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုကျေးရွာဘက်ကနေ မောင်းလာတဲ့ SURF အမျိုးအစားကားကို သေနတ်ကိုင်ဆောင်ထားသူတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး အမျိုးသား ၃ ယောက် သေဆုံးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
"သေနတ်သံတွေကြားပြီး လူနာတင်ယာဥ်တွေရော၊ စစ်ကားတွေရော၊ ရဲကားတွေရော ရောက်လာတယ်။ အကုန်လုံးကို ပိတ်စစ်နေတယ်။ လုံခြုံရေးဂိတ်က စစ်သားတွေကို ဆဲနေတယ်။ အရင်ကထက် အင်အားပိုများတယ်" လို့ရှင်းပြပါတယ်။
ဖုန်းဆိုးရွာနဲ့ ကိုးတစ်ကျေးရွာအကြားမှာ မနေ့ညနေ ၄ နာရီခွဲက ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူအမျိုးသား ၃ ယောက်ဟာ ကုမ္ပဏီဝန်ထမ်းတွေဖြစ်တယလို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"ကုမ္ပဏီက ဝန်ထမ်းတွေလို့ စစ်တပ်က ပြောတယ်။ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်သူတွေမှန်းမသိဘူး။ ၃ ယောက်စလုံး ကျည်ထိမှန်ဒဏ်ရာတွေနဲ့သေတာ။ ကားကိုလည်း မီးရှို့သွားတယ်"လို့ ပြောပါတယ်။
သေဆုံးသူတွေကို ပျဉ်းမနားမြို့နယ်ဆေးရုံကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ပို့ဆောင်ခဲ့ပြီး ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့ကိုလည်း ပစ်ခတ်မှုဖြစ်စဥ်ကို စုံစမ်းဖို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ပျဉ်းမနားမြို့အဝင်ဂိတ်ကစပြီး ကိုးတစ်ကျေးရွာ ကားလမ်းမတလျှောက် အရင်ကထက် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။