Home
မြန်မာသတင်း
ညောင်ပင်ကွင်းရွာ လုပ်အားပေးဆရာများ ကျောင်းသားများထံက လစာ ကောက် 
DVB
·
July 30, 2023

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာက အခြေခံပညာ အထက်တန်းကျောင်းမှာ ပညာသင်ပေးနေတဲ့ လုပ်အားပေး ဆရာ၊ ဆရာမတွေ လစာအတွက် ကျောင်းသားမိဘတွေဆီက ကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တယောက်က "CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေက လစာ ရလောက်တယ်။‌ ကျောင်းလခက မပေးမနေရတဲ့။ ကျောင်းသားဦးရေနဲ့တွက်ရင် ပိုက်ဆံကမနည်းဘူး။ အရပ်ဆရာ ဆရာမ တယောက်ကို တလ တသိန်းခွဲပေးတယ်။ ဟိုနေ့ကလည်း ငွေကြိုတောင်းလို့ဆိုပြီး ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ စကားများကြသေးတယ်" လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး CDM လုပ်သွားတဲ့ ဆရာ၊ ဆရာမတွေနေရာမှာ ကျောင်းအစီအစဉ်နဲ့ ကျေးရွာထဲက တက္ကသိုလ်ဝင်တန်း အောင်ပြီးတဲ့သူတွေကို အစားထိုးခန့်အပ်ထားပြီး အဲဒီ ဆရာ၊ ဆရာမတွေအတွက် အခုလိုမျိုး ကောက်ခံထောက်ပံ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

မူလတန်းကျောင်းသား ၁ ယောက်ကို ၅၀၀၀ ကျပ်၊ အလယ်တန်းကျောင်းသားကို ကျပ် ၁၀၀၀၀ နဲ့ အထက်တန်းကျောင်းသားကို ကျပ် ၁၅၀၀၀  အထိ လစဉ် ကောက်ခံတာကြောင့် မပေးနိုင်တဲ့ ကျောင်းသားမိဘတွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျေးရွာနေပြည်သူတယောက်ကလည်း "ဒီကျောင်းက အရပ်ကျောင်းဆိုပြီး နာမည် တပ်ထားတာ။ အရပ်ခန့် ဆရာ၊ ဆရာမ‌တွေ များတယ်။ အစိုးရဝန်ထမ်းနဲ့ အရပ်ခန့်ဆရာတွေက‌ ရောနှောနေတယ်။ ကျောင်းအုပ်ဆရာကြီးက ရွာကို မလာရဲလို့  ရွာခံ ဆရာမပဲ ကျောင်းအုပ်ဆရာမကြီး လုပ်ပြီး သင်နေတာ” လို့ ပြောပါတယ်။ 

အဲဒီကျောင်းမှာ ကျောင်းသားဦးရေ ၅၇၀ ရှိပြီး ဆရာ၊ ဆရာမ ၁၅ ယောက်က သင်ကြားပေးနေတာလို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024