Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် သထုံပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
DVB
·
July 29, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို ဇူလိုင် ၂၇ ရက် မနက်က စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား ၁ ဦးသေပြီး ကလေးငယ်အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၉ တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ခလောက်အင်းကျေးရွာသား စောစောဦးက ညာတင်ပါးနဲ့ ထို့ကော်ကျိုးကျေးရွာသား ယားကြည်ထွန်းက ဘယ်ဘက်လက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမှတ် ၉ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် ထုံးဘိုလေးကျေးရွာက စောအဲ့ကော့ရှီး (၁၈ နှစ်) နေရာမှာတင် သေဆုံးကာ စောဆာထူး ထိမှန်ဒဏ်ရာ၊ ထို့ကော်ကျိုးကျေးရွာက စောဖိုးကျော် ယာဘက်ဗိုက်၊ စောပလေးဒေး ဘယ်ခြေသလုံးနဲ့ ပေါင်၊ နော်အဲ့စိုး ဘယ်လက်ထိမှန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ စခန်းကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ဝီယော်ကျေးရွာ ဘုန်းကြီးကျောင်း ၂ လုံး၊ လူနေအိမ် ၁၃ လုံး၊ ဆေးပေးခန်း၊ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နွား ၁ ကောင်သေပြီး ၅ ကောင် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက “အဓိက က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာ။ သူတို့က အမြောက်တပ်တွေကနေ အထိုင်တပ်တွေကနေ ရမ်းသမ်းပစ်ခတ်တာရှိတယ်။ ၈၁ မမ တို့ ၆၀ မမတို့ အဲဒါတွေနဲ့ပစ်တယ်။ ရွာကိုပဲ အဓိကပစ်ထည့်တာတွေရှိတော့ ရွာသားတွေ ထိတာရှိတယ်။ ရွာသားတွေက သူတို့သင့်တော်တဲ့နေရာနဲ့ ဆွေမျိုးအသိုက်အဝန်းတွေဆီ ရှောင်ပြီးသွားနေရတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒေသခံအမျိုးသမီးတဦးက “အဲဒီ ရွာတွေ လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့သူတွေရှိတယ်။ ဖမ်းခံရတဲ့သူတယောက်က ပြန်မလွတ်သေးဘူး။ အဲဒီဘက်ခြမ်းက ရွာတွေ အကုန်ထွက်ပြေးနေရတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ရွှေရောင်ပြကျေးရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး မရမ်းကုန်းရွာသား ဦးဝါဆိုကို လူသားဒိုင်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် မိချောင်းအိုင်ရွာက အိမ်ထောင်စု ၂၀ ကျော် လူဦးရေ ၁၀၀ နီးပါး၊ ခလောက်အင်း ကျေးရွာက အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေ ၅၀၀ ကျော်နဲ့ မရမ်းကုန်းကျေးရွာက အိမ်ထောင်စု ၇၀ ကျော် လူဦးရေ ၄၀၀ ကျော်ဟာ နေအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒါအပြင် ၂၆ ရက်နေ့ ည ၇ နာရီခွဲလောက်က မရမ်းကုန်းရွာသား ဦးဝါဆိုကို ပြန်လွှတ်ပေးခဲ့ပြီး ချောင်းစောင့်ရွာသား စောမြလောင်းကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဒီကနေ့အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024