Home
နိုင်ငံတကာ
ထိုင်းလွှတ်တော်အစည်းအဝေး ပြန်လည်ခေါ်ယူကျင်းပမည်
DVB
·
July 28, 2023

ထိုင်းလွှတ်တော်အစည်းအဝေးကို လာမယ့် ဩဂုတ် ၄ ရက်နေ့ ပြန်လည်ခေါ်ယူ ကျင်းပမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက်မနော်က သတင်းထောက်တွေကို ဒီကနေ့  ပြောပါတယ်။

မူလက ဇူလိုင် ၂၇ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး ကျင်းပပြီး ဝန်ကြီးချုပ်သစ်ရွေးမယ်လို့ ကြေညာထားပေမဲ့ ဝန်ကြီးချုပ် တကြိမ်ထက်ပိုပြီး အရွေးခံနိုင်ခွင့်ရှိမရှိ အငြင်းပွားဖွယ် ဥပဒေကို ပြန်စစ်ဆေးဆုံးဖြတ်ဖို့ နိုင်ငံတော်စိစစ်ရေးအဖွဲ့က အခြေခံဥပဒေတရားရုံးကို စာပို့ထားတာကြောင့် ဆိုင်းငံ့ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ အဲဒီကိစ္စကို ဥပဒေတရားရုံးက လက်ခံခြင်းရှိမရှိ ဩဂုတ် ၃ ရက်နေ့ သိရမှာမို့ ၄ ရက်နေ့မှာ အစည်းအဝေးလုပ်ဖို့ ဆုံးဖြတ်ရတာလို့ နိုင်းဝမ်းမိုဟာမက်က ပြောပါတယ်။

တကယ်လို့ ဥပဒေတရားရုံးက လက်မခံဘူးဆိုရင် လွှတ်တော်အနေနဲ့ မိမိဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ နိုင်ငံတော်ရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်မယ်လို့ ဆိုပါတယ်။

ဥပဒေတရားရုံးက လက်ခံစိစစ်မယ် ဆိုရင်တော့ ဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက် စောင့်ရမှာမို့ အဆိုပါအစည်းအဝေးမှာ ဝန်ကြီးချုပ်မရွေးသေးဘဲ MFP ကောက်ကလိုင်ပါတီက တင်ပြထားတဲ့ ပုဒ်မ ၂၇၂ (အထက်လွှတ်တော်အမတ်တွေ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့ရေးမှာ မဲပေးခွင့်ရှိတဲ့) ဥပဒေကို ဖျက်သိမ်းရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဥပဒေပညာရှင် ဥပဒရေးရာကျွမ်းကျင်သူနဲ့ ရှေ့နေကောင်စီများအဖွဲ့ကတော့ အခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို တကြိမ်ထက်မနည်း အကြိမ်ကြိမ်ရွေးခွင့်ရှိတယ်၊ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးသား အကြောင်းအရာကို နောက်တကြိမ် ပြန်ဆွေးနွေးခွင့်မရှိ ဆိုတာကတော့ အစည်းအဝေးနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်သာဖြစ်တယ်၊ အနိုင်ရပါတီကို အာဏာမပေးလိုတာနဲ့ မဆီမဆိုင်တဲ့ ခေါင်းစဉ် ၂ ခုကို အတင်းရောပြီး ရှုပ်ထွေးအောင် လုပ်နေခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ဥပဒေနဲ့ ပြဋ္ဌာန်းချက်ကို သေချာမလေ့လာ၊ မဲခွဲဆုံးဖြတ်ရင် အထက်လွှတ်တော်အမတ် အများစုပါတဲ့ဘက်က နိုင်မယ်ဆိုတာ သိသိချည်းနဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌလည်း ဝေဖန်ခံနေရပါတယ်။

အဆိုပါလွှတ်တော်ဥက္ကဋ္ဌကို MFP ပါတီဥက္ကဋ္ဌ ဖိထားကပဲ အဆိုပြုပြီး ညွန့်ပေါင်း ၈ ပါတီထဲကနေ တင်မြှောက်ခဲ့တာပါ။

တကယ်လို့ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ကို တကြိမ်ထက်မနည်း ရွေးခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင်မှ MFP ပါတီဘက်က သူတို့အနေနဲ့ အစိုးရတရပ် ဦးဆောင်ဖွဲ့စည်းဖို့ ဖွေ့ထိုင်းပါတီကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်လို့ ဖိထားအနေနဲ့ ဝန်ကြီးချုပ်ထပ်အရွေးခံဖို့  မဖြစ်နိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာတော့ စစ်တပ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် တွေက ထောက်ခံမဲ မပေးခဲ့တာကြောင့် ရွေးကောက်ပွဲအနိုင်ရ MFP ပါတီက ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ရေးနဲ့ အစိုးရဖွဲ့ဖို့အတွက် အထမမြောက် ဖြစ်ခဲ့ရပါတယ်။

ဒီအခြေအနေမှာ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ ဖွေ့ထိုင်းပါတီဟာ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၃၇၅ မဲအထက်ရဖို့ နိုင်ငံရေးပါတီတွေနဲ့ ဆက်တိုက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။

အထက်လွှတ်တော်အမတ်နဲ့ အာဏာဟောင်းပါတီတွေကတော့ ပုဒ်မ ၁၁၂ ပြင်မယ့် MFP ပါတီ ပါနေရင် ထောက်ခံမဲပေးမှာ မဟုတ်သလို အစိုးရဖြစ်ဖို့ ပူးပေါင်းမှာလည်း မဟုတ်ဘူးလို့ အပြတ်ပြောထားပါတယ်။

ဖွေ့ထိုင်းပါတီဟာ အစိုးရတရပ် အမြန်ဆုံးဖွဲ့နိုင်ဖို့ အများသဘောမတူတဲ့ MFP ပါတီကို ခွဲထုတ်ပြီး အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲအများအပြား ရနိုင်မယ့် အရင်အာဏာဟောင်းပါတီနဲ့ ပြန်လက်တွဲသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အဲဒီလိုလုပ်လိုက်ရင် ဖွေ့ထိုင်းပါတီအနေနဲ့ မဲဆွယ်စဉ် လူထုကိုပြောခဲ့တဲ့ အာဏာရှင်ပါတီတွေနဲ့ မပေါင်းဘူးဆိုတဲ့ ကတိကဝတ်၊ MFP ပါတီနဲ့ ဆိုးတူကောင်းဘက် မခွဲအတူ ဒီမိုကရေစီ ခရီးနှင်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေ ချိုးဖောက်ရာရောက်ပြီး အရင်က ရန်သူလိုဖြစ်ခဲ့တဲ့ ဒီမိုကရက်ပါတီ (ရှပ်ဝါ)၊ ဖုမ်ကျိုင်ထိုင်းပါတီတွေနဲ့ ပြန်ပေါင်းလို့ နိုင်ငံရေးသိက္ခာ ကျဆင်းဖွယ်တွေ ရှိနေပါတယ်။

ဒါပေမဲ့ ဖွေ့ထိုင်းပါတီဘက်ကတော့ အစိုးရဖွဲ့စည်းတာ နှောင့်နှေးကြန့်ကြာရင် တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်မယ်၊ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် သိက္ခာကို လဲလိုက်ရတယ်လို့ အကြောင်းပြချက် ပေးလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ဒီပုံအတိုင်းသာဆိုရင် မဲဆန္ဒအများဆုံးရထားတဲ့ MFP ပါတီဟာ အတိုက်အခံပါတီ ပြန်ဖြစ်သွားနိုင်ပါတယ်။

MFP ပါတီဘက်ကတော့ အတိုက်အခံဘက်ကပဲ နေရနေရ ပြည်သူ့အကျိုး ဆောင်ရွက်ဖို့သာ အဓိကဖြစ်ကြောင်း၊ တဖက်ကလည်း အစိုးရမဖွဲ့နိုင်တဲ့ ပြဿနာဟာ အနိုင်ရပါတီကို မထောက်ခံတဲ့ အထက်လွှတ်တော်အမတ်တွေကြောင့် ဖြစ်တယ်၊ ဒါကြောင့် သူတို့မဲပေးနိုင်တဲ့ ပုဒ်မ ၂၇၂ ကို ဖျက်သိမ်းဖို့ လွှတ်တော်ကို တင်ပြထားပြီး နောက် ၁၀ လ အထက်လွှတ်တော်အမတ်တွေ အလိုလို သက်တမ်းကုန်သွားတဲ့ထိ စောင့်ဆိုင်းမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံရေးအခြေအနေ ခုလို မတည်မငြိမ်ဖြစ်နေချိန်မှာ ဖွေ့ထိုင်းပါတီထူထောင်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကလည်း လာမယ့် ဩဂုတ် ၁၀ ရက်နေ့ ထိုင်းကို ပြန်လာမယ်လို့ ဆိုပါတယ်။

သူပြန်လာရင် မြေးထိန်းမယ်၊ မြေးကို ကျောင်းပို့မယ်၊ ခွန်ဆေထာ (ဝန်ကြီးချုပ်လောင်း) က အစိုးရအိမ်တော်မှာနေပြီး အွန်အင်က ပါတီကို ထိန်းသိမ်းပေါ့လို့ သူ့မွေးနေ့မှာ ပြောကြားခဲ့တာကြောင့် အစစအရာရာ အပေးနဲ့အယူ ကြိုတင်ချိတ်ဆက်ပြီးသား ဖြစ်နေပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ပုံမှန်အားဖြင့် ဝရမ်းပြေးဖြစ်နေတဲ့သူ နိုင်ငံကိုပြန်လာရင် ထောင်ထဲမှာသာနေရဖို့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရုတ်မာဖီးယားဂိုဏ်းနဲ့ လာဘ်စားမှုတွေ ဖော်ထုတ်နေတဲ့ လွှတ်တော်အမတ်ဟောင်း နိုင်းချူဝစ်ကမွန်ဝိဆစ်ကလည်း သက်ဆင်ဟာ ပြန်လာမယ်လို့ မကြေညာခင်ရှေ့ ၁ ရက်အလို ဟောင်ကောင်ကျွန်းမှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ စစ်တပ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး အစိုးရဖွဲ့ဖို့ ကြီးမားတဲ့ သဘောတူချက် ရယူခဲ့ကြတယ်လို့ ဇူလိုင် ၂၇ ရက်က သတင်းစာရှင်းလင်းခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို MFP ပါတီ အနိုင်ရရေး ကူညီမဲဆွယ်ပေးခဲ့တဲ့ New Forward Party ခေါင်းဆောင် ထနားထွဏ်းလည်း သွားရောက်ခဲ့ကြောင်း၊ ထနားထွဏ်းက အကုန်ပြေလည်သွားအောင် MFP ပါတီအနေနဲ့ အတိုက်အခံပါတီဘက် ပြောင်းပေးမယ်၊ ဖွေ့ထိုင်းပါတီကိုလည်း ထောက်ခံပေးမယ်၊ ဒါပေမဲ့ အစိုးရအဖွဲ့ထဲမှာ စစ်ခေါင်းဆောင် ပရာယုဒ်ပါတီနဲ့ ပရဝစ်ပါတီတို့ မပါရဘူးဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဆိုပြုချက်ကို သက်ဆင်က လက်မခံဘဲ အစိုးရသစ်ထဲမှာ ဖရန်းပချားရတ်ပါတီ ထည့်မယ်လို့ ပြောတယ်။ ခွန်ချူဝစ်က ဖွေ့ထိုင်းပါတီဟာ သက်ဆင် ချောမွေ့စွာပြန်လာနိုင်ဖို့ သန်းနဲ့ချီတဲ့ ပြည်သူ့မဲပြားတွေနဲ့ လဲလှယ်ခဲ့တယ်၊ ပြည်သူ့မဲဆန္ဒကို ဓားပြတိုက်ယူတယ်လို့ ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် MFP ပါတီဟာ လှေခါး ၅ ထစ်လုံး ပြုတ်ကျဖွယ်ရှိတယ်။ ပထမလှေကားထစ်မှာ လွှတ်တော်ဥက္ကဋ္ဌနေရာ မရခဲ့ဘူး၊ ဒုတိယလှေကားထစ်မှာ ဝန်ကြီးချုပ်နေရာ မရတော့ဘူး၊ တတိယလှေကားမှာ အစိုးရဖွဲ့ဖို့ ဦးမဆောင်နိုင်၊ စတုတ္ထလှေကားမှာ အတိုက်အခံပါတီ ခေါင်းဆောင်လည်း မဖြစ်နိုင် (ပါတီခေါင်းဆောင် ဖိထားမှာ အမှုရင်ဆိုင်နေရ)၊ ပဉ္စမလှေကားမှာ ပါတီဖျက်သိမ်းခံရနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။

ထမဆတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဘက်ပါမောက္ခ ‌ဒေါက်တာ နန်ထနာ နန်ထဝါရိုဖတ် ကတော့ MFP ပါတီအနေနဲ့ ပါတီဖျက်သိမ်းခံရပေမယ့် ပါတီသစ်ပြန်ထောင်ပြီး အင်အားပိုကောင်းအောင် ထူထောင်နိုင်မှာဖြစ်ကြောင်း၊ ဖွေ့ထိုင်းပါတီရဲ့ သစ္စာဖောက်မှုကို လက်မခံနိုင်သူတွေဟာ MFP ဘက်ကို လာအားပေးမှာဖြစ်တယ်၊ နောက်တကြိမ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရနိုင်မယ်လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာ ဖြစ်သင့်တာက ဖွေ့ထိုင်းပါတီဟာ ညွန့်ပေါင်း ၈ ပါတီ MOU စာချုပ် လက်မှတ်ထိုးထားတဲ့အတိုင်း သစ္စာရှိရှိ စည်းလုံးခိုင်မာစွာနေကြဖို့၊ ကင်ဆာပိုးလိုဖြစ်နေတဲ့ စစ်အာဏာရှင်ခန့် အထက်လွှတ်တော်အမတ်တွေ သက်တမ်းကုန်တဲ့ထိ စောင့်ဆိုင်းဖို့ ပြောပါတယ်။

အဓိကပြဿနာဖြစ်နေတဲ့ အထက်လွှတ်တော်အမတ်ကိစ္စ မဖြေရှင်းဘဲ စီးပွားရေး နှောင့်နှေးမှာကို အကြောင်းပြပြီး သဘာဝမကျတဲ့ အစိုးရကို အတင်းဖွဲ့မယ့်ကိစ္စဟာ ပြဿနာမဖြေရှင်းနိုင်ဘဲ တိုင်းပြည်အခြေအနေ ပိုမိုရှုပ်ထွေးလာနိုင်မယ် (ဆန္ဒပြမှုတွေ အရှိန်မြင့်လာမယ်)၊ အထက်လွှတ်တော်အမတ် သက်တမ်းဟာ လာမယ့်နှစ် မေလ၊ နောက် ၁၀ လလောက်မှာ ကုန်ဆုံးမယ်၊ အာဏာာရှင်လက်အောက်မှာ ၈ နှစ် ၉ နှစ်တောင် နေလာခဲ့ရတာနဲ့ စာရင် ၁၀ လလောက် စောင့်ဆိုင်းရတာက ဘာမှမကြာဘူးလို့ The Standard သတင်းဌာန အင်တာဗျူးမှာ ပြောသွားပါတယ်။

နန်းမြနဒီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024