Home
ဆောင်းပါး
ကချင်ပြည်နယ် စီးပွားရေးမြို့ကြီးများတွင် ဓားပြတိုက် လုယက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာ
DVB
·
July 28, 2023

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းမှုဟာ တိုင်းပြည်အပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့တာကြောင့် ကချင်ပြည်နယ်က ပြည်သူတွေအတွက်လည်း ခြွင်းချက်မရှိခဲ့ပါဘူး။

အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာ ကချင်ပြည်နယ်ရဲ့ အဓိကစီးပွားရေးမြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနားနဲ့ ဖားကန့်မြို့တွေမှာ ဂိုဏ်းဖွဲ့ပြီး ဓားပြတိုက် လုယက်မှုတွေဟာ သိသိသာသာ တိုးမြင့်လာခဲ့ပြီး သတိထားစောင့်ကြည့်ရမယ့် အရေးကြီးဖြစ်စဥ်တွေ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ခိုးဆိုး ဓားပြတိုက် လုယက်မှု အရေအတွက်ဟာ ၂၀၂၁ ခုနှစ်ကနေ စတင်ပြီး ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဒေသဆိုင်ရာ မှုခင်းနဲ့ လုံခြုံရေးတာဝန်ရှိသူတွေဆီကနေ သိရပြီး ဖားကန့်မြို့မှာတော့ ဒီလို လုယက်မှုတွေဟာ လက်ရှိအထိဆိုရင် ၇၅ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပါတယ်။ အဆိုပါ လုယက်မှုတွေရဲ့ သားကောင်တွေကတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ရိုးရိုးရှင်းရှင်းနဲ့ ကြိုးစားရင်း ဖြတ်သန်းပြီး လုပ်ကိုင်စားသောက်နေကြတဲ့ သာမန်ပြည်သူတွေ အများစု ဖြစ်ကြတာပါ။

ယခင်အရပ်သားအစိုးရလက်ထက်က တည်ငြိမ်ဖွံ့ဖြိုးမှုအားကောင်းတဲ့ လမ်းကြောင်းပေါ်ရောက်နေတဲ့ ကချင်ပြည်နယ်မှာ ဒီလို လုယက်မှုတွေ တိုးမြင့်လာစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။  အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က တိုင်းပြည်ကို ချုပ်ကိုင်လာခဲ့တဲ့အကျိုးဆက်  စီးပွားရေးအကျပ်အတည်း၊ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အကြား မတည်ငြိမ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေကြောင့် ကချင်ပြည်နယ်က ပြည်သူအများအပြားဟာ အရင်ကထက်စာရင် ပြေလည်အောင် ပိုမိုရုန်းကန် လှုပ်ရှားနေကြရပါတယ်။

၂၀၁၁ တကျော့ပြန် ကချင်စစ်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ စစ်ရှောင်စခန်းများစွာက ပြည်သူတွေရဲ့ နေရပ်ပြန်လည်ထူထောင်ရေး အစီအစဥ်နဲ့ အိပ်မက်တွေဟာလည်း အခု အာဏာသိမ်းဖြစ်စဥ်နဲ့အတူ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မျှော်လင့်ချက် ဆိတ်သုဥ်းခဲ့ရပြီး နေရပ်ပြန်ရောက်ပြီးဖြစ်တဲ့ ပြည်သူတွေဟာလည်း စစ်ရှောင်စခန်းက တန်းလျားတွေဆီကို ပြန်လည် ဦးတည်ခဲ့ကြရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေဟာ အရင်ကာလထက် ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အစောပိုင်းကာလ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ သပိတ်အင်အားစုတွေကို စစ်အာဏာရှင်တွေက  ရက်စက်စွာ ဖြိုခွဲခဲ့ပြီး လူထုနဲ့ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခနဲ့ ယုံကြည်မှု ကင်းမဲ့မှုကို တိုးပွားလာစေခဲ့ပါတယ်။ ဒါကြောင့် နယ်မြေခံ စစ်ကောင်စီ ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ ပိုမိုခက်ခဲလာပြီးတော့ ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် လုယက်မှုတွေပြုလုပ်ဖို့ အခွင့်အလမ်း ပိုမိုများပြားလာစေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့လုံခြုံရေးကို ပြည်သူက ပြန်ယူပေးရမလို ဖြစ်နေပြီ။ သူတို့ရဲစခန်းတွေကို ဘန်ကာတွေ အကျအနနဲ့ ဆောက်ထားပြီး ထွက်ကိုမလာကြတော့ဘူး။ တာဝန်ချိန်ပြင်ပ အိမ်ပြန်တာတောင် အရင်လို ယူနီဖောင်းနဲ့ မထွက်ရဲဘူး၊ အရပ်ဝတ်နဲ့ပဲ ထွက်တယ်။ သူတို့ကို ဘာမှမလုပ်တဲ့ ​တော်လှန်ရေး လှုပ်ရှားတက်ကြွတဲ့ လူတွေကိုလောက်ပဲ ဖမ်းနေတာ၊ တခြား အမှုအခင်းတွေဖြစ်ရင် မတိုင်မချင်း မသိချင်ယောင်ဆောင်ထားကြတယ်လို့ မြစ်ကြီးနားမြို့ခံ အငှားယာဥ်မောင်းတဦးက ဒီဗွီဘီကို ​ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့တွေမှာ လုယက်မှုတွေ မြင့်တက်လာတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သာမန်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေတဲ့ ပြဿနာတရပ် ဖြစ်လာပါတယ်။ စစ်ကောင်စီခန့်အပ်ထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဖြစ်တဲ့ ဦးခက်ထိန်နန် တာဝန်ယူပြီးနောက်ပိုင်းမှာ ထင်ရှားတဲ့ လူသတ်ဓားပြတိုက်မှု၊ ဘဏ်တွေကိုလုယက်မှု၊ အရပ်သားပိုင် ကား၊ ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာတွေ လုယက်ခံရမှု၊ ငွေတု ရောင်းဝယ်ဖောက်ကားမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ မြင့်မားလာခဲ့တာကြောင့် စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဟာ ဒီပြဿနာ​တွေကို အပူတပြင်း ဖြေရှင်းနိုင်ဖို့ လိုအပ်နေပေမဲ့ နယ်မြေဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုတွေကြောင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားလာပြီး ပြည်သူတွေရဲ့ လုံခြုံရေး ကျိုးပေါက်နေတာပဲ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ လုံခြုံရေး အချက်များအပြင် ကချင်ပြည်နယ်မှာ လုယက်မှုတွေ တိုးပွားလာစေတဲ့ နောက်ထပ် အကြောင်းရင်းတခုအနေနဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းအမည် မသိရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာမှုကလည်း အကြောင်းရင်းတခုအနေနဲ့ ခိုင်ခိုင်မာမာ တည်ရှိနေပြန်ပါတယ်။

လုံခြုံရေးအားနည်းတဲ့ ဖားကန့်ဒေသမှာဆိုရင် ထင်ရှားတဲ့ စီးပွားရေးသမားတွေဟာ အမည်မသိ အဖွဲ့အမျိုးမျိုးရဲ့ ခေါ်ဆောင်သွားခြင်းခံရပြီး ခြိမ်းခြောက် ငွေညှစ်တာ၊ အသက်သေစေတဲ့အထိ အကြမ်းဖက်တာတွေ ပြုလုပ်ခံနေရပါတယ်။

စာပို့တယ် အခွန်ဆောင်ရမယ် ဆိုပြီးတော့၊ ဘယ်အဖွဲ့တွေမှန်းလဲ မသိဘူး။ ပုံမှန်ဆိုရင် စစ်တပ်နဲ့ KIA ကို အခွန်ဆောင်တယ်။ အခုက စီးပွားရေးလုပ်တဲ့လူတွေကိုဆိုရင် တလကို လေးငါးခေါက်လောက် လာတောင်းကြတယ်။ ဒီကာလဆိုတော့ စီးပွားရေးသမားတွေက ပိုဆိုးတယ်၊ ပြန်ပေးဆွဲပြီး ငွေညှစ်တယ်၊ ဓားပြတိုက်ခံရတယ်၊ ဟိုဘက်နဲ့ပေါင်းတယ်၊ ဒီဘက်နဲ့ပေါင်းတယ်ဆိုပြီး သတ်ခံရတာတွေရှိတယ်။ အများစုကတော့ စီးပွားရေးသမားတွေပဲ လို့ ဒေသခံ ကျောက်စိမ်းနဲ့ ကျောက်မျက်အရောင်းအဝယ်သမားတဦးဆီက သိရပါတယ်။

မြစ်ကြီးနားနဲ့ ဖားကန့်မှာ လုယက်မှုတွေ မြင့်တက်လာတဲ့အတွက် ထိရောက်တဲ့ ဖြေရှင်းမှုတွေ ပြုလုပ်နေတာကို မတွေ့မြင်ရဘဲ ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတရပ်အနေနဲ့ ကြီးထွားလာတာကြောင့် ကချင်ပြည်နယ်တွင်းက အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုတွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ဆက်လက် မြင့်တက်လာခဲ့ပါတယ်။ ဒေသခံ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ မြစ်ကြီးနားမြို့မှာ လုယက်မှု အရေအတွက်ဟာ အခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ ၂၅ ရာခိုင်နှုန်း တိုးလာပြီး ဖားကန့်မြို့ရဲ့ ဓားပြတိုက် လုယက်မှု အရေအတွက်ဟာလည်း နောက်ထပ် ၃၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။

လုယက်မှုတွေက အရင်ကထက် တိုးလာတယ် ဟုတ်တယ်။ နယ်မြေမတည်ငြိမ်တဲ့ အချိန်ဆိုတော့ တချို့ဆောင်ရွက်ရတာတွေ ကြန့်ကြာတာရှိတယ်။ မြစ်ကြီးနားမှာ ဒီနှစ်ဝက်အတွက် ၂၅ ရာခိုင်နှုန်းတိုးလာတာရှိတယ်။ ဖားကန့်မှာ ၃၀ - ၃၅ ရာခိုင်နှုန်းလို့ ယူဆရတယ်လို့ အမည်မဖော်လိုသူ လုံခြုံရေးကဏ္ဍမှ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုထားပါတယ်။

မြစ်ကြီးနားနဲ့ ဖားကန့်ဒေသတွေအပြင် တခြားမြို့ကြီးတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ နေ့စဥ် လှုပ်ရှားသွားလာကြရင်း မိမိရဲ့လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြပြီး နေ့၊ ည အချိန်ခါမရွေး လုယက်မှုတွေ မြင့်တက်လာတာကြောင့် တာဝန်သိပြည်သူတွေအနေနဲ့ သူခိုးဖမ်းတာ၊ လုယက်တာမြင်ရင် ဝိုင်းဝန်းဖမ်းဆီးပေးတာတွေကို ပူးပေါင်း လုပ်ဆောင်နေကြရပါတယ်။

အရင်ကတော့ ဆိုင်ကယ်နဲ့ လိုက်လုကြတာပေါ့။ ညနေဘက်ဆို အေးမြသာယာ၊ ရမ်ပူ၊ စီတာပူ (ဂျပန်တံတား)၊ မန်ခိန်နဲ့ သီတာဘက်မှာ အလု ဆုံးပဲ။ အခုနောက်ပိုင်း တခြားနယ်ကလာတဲ့ သူခိုးတွေ ပိုများတယ်။ သူတို့က ဂိုဏ်းဖွဲ့ပြီးလုပ်ကြတာ။ ကားနဲ့ ဓားပြလိုက်တိုက်နေတဲ့ တဖွဲ့ဆို သုံးလေးခါရှိနေပြီ။ ဓားထိုးမှုတွေလည်း အရမ်းများလာတယ်။ သက်ဆိုင်ရာတွေလည်း ဖြေရှင်းပေးကြပါဦးလို့ ဒေသခံအမျိုးသမီးတဦးက သူမရဲ့ဆန္ဒကို ထုတ်ဖော် ပြောဆိုထားပါတယ်။

အခုလို ကချင်ပြည်နယ်ရဲ့ စီးပွားရေးမြို့တော်တွေဖြစ်တဲ့ မြစ်ကြီးနားနဲ့ ဖားကန့်မြို့လို မြို့တွေမှာ အာဏာသိမ်းကာလအတွင်း တရားဥပဒေစိုးမိုးနိုင်စွမ်း နည်းပါးလာတာကြောင့် စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို ပြည်သူတွေ ယုံကြည်မှု ကင်းမဲ့လာပါတယ်။ တဖက်မှာလည်း မူးယစ်ဆေးဝါးနဲ့ တားမြစ်ဆေးဝါးတွေဟာ နည်းအမျိုးမျိုးနဲ့ လူငယ်တွေကြားကို လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်နေတာကြောင့် ကချင်ပြည်နယ်တွင်းက မြို့ကြီးတွေမှာ အလားတူ လုယက်မှုဖြစ်စဥ်တွေနဲ့အတူ ဒေသခံ တိုင်းရင်းသား ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း နေ့စဥ်နဲ့အမျှ မြင့်တက်လျက်ရှိနေပါတယ်။

သီဟနိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024