မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဇူလိုင် ၂၆ ရက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း-၁၃ The Youth Force (ဆော၊ ကျောက်ထု) ကနေ သိရပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်ကနေ တပ်ချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း အင်အား ၁၃၀ လောက်ကို ဇူလိုင် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီထိ ဆောမြို့နယ် မြင်းကာတောင်ခြေအရောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ဂန့်ဂေါခရိုင်တပ်ရင်း-၁၃ ရဲ့ ယာယီတပ်ရင်းမှူး ကိုဇင်ကိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း အမှတ်-၃၊ ၅၊ ၈၊ ၁၃၊ CDF-မင်းတပ်၊ CDF-ကန်ပက်လက်၊ ဆော PDF(YRPA) နဲ့ YDF-ဆောတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
ကန်ပက်လက်မြို့နယ် ရန်အောင်စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကိုလည်း ဇူလိုင် ၂၂ ရက်နေ့မှာ ဂန့်ဂေါခရိုင် တပ်ရင်း-၁၃ အပါအဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း-၁၃ ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။