အမျိုးသမီးတွေဟာ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ လုံခြုံရေးအတွက် အထွတ်အထိပ်အလုပ်တွေကို လုပ်ဆောင်ကြပါတယ်။ ဒါပေမဲ့ တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ ဆက်လက် ဘေးဖယ်ခံထားရဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသတိုင်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုရဲ့ တစိတ်တပိုင်း ဖြစ်လာပြီး သူတို့ရဲ့ပံ့ပိုးမှုတွေကို မြင်သာပြီး တန်ဖိုးထားတာကို သေချာစေဖို့ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ ရေရှည်အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါဟာ သက်သေပြပြီးသား ဖြစ်ပါတယ်။ ကျား-မတန်းတူပါဝင်မှုဟာ ပဋိပက္ခပြီးနောက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေပါတယ်။
သူတို့ရဲ့ ပါဝင်မှုကို ထောက်ခံတဲ့ ခိုင်မာတဲ့ အထောက်အထားတွေရှိနေပေမဲ့ အမျိုးသမီးတွေဟာ တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေ ကင်းလွတ်နေပြီးပါဝင်ခွင့်နည်းနေတာတွေ ရှိနေပါသေးတယ်။
၁၉၉၅ ခုနှစ်က ဘေဂျင်းကြေညာစာတမ်းနဲ့ လုပ်ဆောင်ချက်အခြေခံကို လက်ခံကျင့်သုံးပြီးကတည်းက ငြိမ်းချမ်းရေးနဲ့လုံခြုံရေးနယ်ပယ်အပါအဝင် ကမ္ဘာတဝန်းက ကျားမတန်းတူရေးနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အပြည့်စုံဆုံး လမ်းပြမြေပုံတစ်ခုအနေနဲ့ တိုးတက်မှုအချို့ရှိခဲ့ပေမဲ့မညီမျှမှုတွေက ဆက်လက်ရှိနေပါသေးတယ်။
ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အမျိုးသမီးတွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေချိန်မှာတောင် စားပွဲဝိုင်းမှာ ရှိနေတဲ့အခါ သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသံကိုမကြားရပါဘူး။ မကြာခဏဆိုသလို၊ မီဒီယာဇာတ်ကြောင်းတွေဟာ အမျိုးသမီးတွေကို ထိခိုက်လွယ်တဲ့ အားနည်းသူတွေအဖြစ် သရုပ်ဖော်ကြပြီး သူတို့ရဲ့အရေးကြီးတဲ့အလုပ်တွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်ကြပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေရဲ့ ရှေ့တန်းကနေပြီး ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုတွေက ပြန်လည်လွတ်မြောက်လာသူတွေနဲ့ သြဇာကြီးတဲ့ ငြိမ်းချမ်းရေး တည်ဆောက်သူ အမျိုးသမီးတွေရဲ့ ဇာတ်လမ်းအချို့ကို ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။
ဆီးရီယားမှာ အမျိုးသမီးတွေက ကြိုးပမ်းမှုတွေကို ဦးဆောင်နေပါတယ်
ရာဂျာအက်တယ်လီဟာ မိန်းကလေးတယောက်အနေနဲ့ စိတ်ကူးမယဉ်ဖူးတဲ့ ဘဝတစ်ခုကို ဦးဆောင်နေပါတယ်။ သူ့အသက် ၁၂ နှစ်အရွယ်မှာ သူရဲ့ဖခင်ဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အတွက် ဆီးရီးယားအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ လူတယောက်ထက်ပိုပြီး ဖမ်းဆီးခံရမယ်ဆိုရင် မိသားစုတစ်စုအတွက် ငွေကုန်ကြေးကျများလွန်းတာကြောင့် သူဟာ နိုင်ငံရေးကို အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့မလုပ်ဘူးလို့ တွေးထားခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ သူဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆီးရီးယားနိုင်ငံက တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာအမျိုးသမီးတွေပါဝင်လာစေဖို့ စည်းရုံးလှုံ့ဆော်နေသူဖြစ်ပြီး ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ခန့်အပ်ထားတဲ့ အမျိုးသမီးရေးရာ အကြံပေးဘုတ်အဖွဲ့ဝင် ၁၂ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ ဆီးရီးယားတော်လှန်ရေးစတင်တဲ့အခါ အက်တယ်လီဟာ ရပ်ကြည့်မနေနိုင်တော့ပါဘူး။ သူဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စတင်မှတ်တမ်းတင်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာ ဆီးရီးယားက ငြိမ်းချမ်းရေးအတွက် လူထုထိတွေ့ဆက်ဆံမှုနဲ့ စည်းရုံးလှုံ့ဆော်မှု တွေအားကောင်းစေဖို့ NGO တစ်ခုကို တည်ထောင်ခဲ့ပါတယ်။
အက်တယ်လီဟာ မတူညီကွဲပြားတဲ့နောက်ခံရှိတဲ့ ဆီးရီးယားအမျိုးသမီးတွေ အတူတကွနေထိုင်နိုင်ပြီး ငြိမ်းချမ်းရေးအစီအစဉ်ရှေ့ဆက်ဖို့ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့ အရာတွေအတွက် တိုက်ပွဲဝင်နေပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစကနေ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်အထိ ခြေလှမ်းတိုင်းမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ ကျမတို့ တွန်းအားပေးရမှာ ဖြစ်ပါတယ်လို့ အက်တယ်လီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၁၈ ခုနှစ် အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“အမျိုးသမီးတွေက ရှေ့ကိုတွန်းပို့ဖို့ ကြိုးပမ်းမှုတွေ လုပ်နေပေမယ့် တည်ငြိမ်မှု ပိုရှိဖို့ တောင်းဆိုပါတယ်။ သူတို့က ဆီးရီးယားမှာ ဒီမိုကရေစီဆီ ဦးတည်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးကို တွန်းအားပေးနေတယ်၊ ဒါက သိပ်ကို အလားအလာ ကောင်းပေမဲ့ အမှန်တရားကို ပြောပြဖို့ သူတို့ အသက်ကို စွန့်စားနေကြတယ်။”
ဆီးရီးယားအမျိုးသမီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကော်မရှင်မှာ အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ကို တောင်းဆိုခဲ့ပြီး အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ အရပ်သားတွေအတွက် ဘေးကင်းဖို့ ဖန်တီးတဲ့နေရာမှာ မရှိမဖြစ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ အက်တယ်လီက မှတ်ချက်ပြုပါတယ်။
“ဆီးရီးယားအမျိုးသမီးတွေရဲ့ သန္နိဋ္ဌာန်က ကျမရဲ့အနာဂတ်အတွက် အမြဲတမ်း မျှော်လင့်ချက်ဖြစ်စေတယ်။” “ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးငယ်တွေ ပါဝင်မှုက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖန်တီးပေးလိမ့်မယ်”လို့ အက်တယ်လီကပြောပါတယ်။
ဆူဆန်ဆီဘစ်ဟာ အသက် ၃၂ နှစ်အရွယ်၊ အုပ်ချုပ်ရေးနဲ့ ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေ ပါဝင်မှုအတွက် စည်းရုံးလှုံ့ဆော်ပေးသူဖြစ်ပြီး ပြီးမြောက်အောင်မြင်တဲ့ အမျိုးသမီး ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။
သူရဲ့မွေးရပ်နိုင်ငံဖြစ်တဲ့ တောင်ဆူဒန်ဟာ ဆယ်စုနှစ်များစွာကြာ ပဋိပက္ခတွေနဲ့ လွှမ်းခြုံနေပါတယ်။ ဆီဘစ်လို ခေါင်းဆောင်တွေရဲ့ ဇွဲကြီးစွာ ထောက်ခံအားပေးမှုကြောင့် တောင်ဆူဒန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးအဖွဲ့အစည်း ၄၀ ရဲ့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ ပါဝင်ခဲ့ပြီး သဘောတူညီချက်မှာ ကျား-မ တုံ့ပြန်မှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါ၀င်လာခဲ့ပါတယ်။
အမျိုးသမီးငယ်တွေဟာ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်တွေရဲ့ ရိုးရာဖွဲ့စည်းပုံတွေနဲ့ စံနှုန်းတွေကို စိန်ခေါ်နေကြပါတယ်။ အမျိုးသမီးငယ်တွေရဲ့ ခေါင်းဆောင်မှုကို အတည်ပြုတဲ့ ဆီဘစ်က “သူတို့ဟာ လက်ရှိ ပဋိပက္ခရဲ့ နောက်ခံအကြောင်းအရာကို ပထမဆုံးတွေးပြီး နားလည်လာကြတယ်။ သူတို့က ဆန်းသစ်တီထွင်ခဲ့ကြတယ်”လို့ဆိုပါတယ်။
မဟာမိတ်အဖွဲ့ရဲ့ တရားဝင်လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်မှုကြောင့် နောက်ဆုံး ငြိမ်းချမ်းရေးသဘောတူညီချက်မှာ အသွင်ကူးပြောင်းရေးအစိုးရထဲမှာ အမျိုးသမီးကိုယ်စားပြုမှု ၃၅ ရာခိုင်နှုန်းခွဲတမ်းနဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက လွတ်မြောက်လာသူတွေအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုလို ပြဋ္ဌာန်းချက်တွေပါဝင်ပါတယ်။
တရားမျှတဖို့ အားလုံးကို ပေးခဲ့တယ်
ဂွာတီမာလာအရှေ့မြောက်ဘက်က ပိုလိုချီချိုင့်ဝှမ်းမှာ ပြောင်းဖူးခင်းတွေ၊ အုတ်ခဲနဲ့သွပ် တွေနဲ့ပြုလုပ်ထားတဲ့ အိမ်တွေကြားမှာ သမိုင်းကိုပြောင်းလဲခဲ့တဲ့ အမျိုးသမီးတစ်စု နေထိုင်ကြပါတယ်။
သူတို့ဟာ အဘူလာ (အဘွားများ)လို့ လေးစားစွာရည်ညွှန်းထားတဲ့အတိုင်း ၃၆ နှစ်ကြာ ဂွါတီမာလာပြည်တွင်းစစ်အတွင်း မရေမတွက်နိုင်တဲ့ ထိတ်လန့်မှုနဲ့ ဆုံးရှုံးမှုတွေက လွတ်မြောက်သူတွေ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်တုန်းက ဆီပူရာဇာကို(Sepur Zarco) တပ်စခန်းကို တည်ဆောက်ရာမှာ ဂွာတီမာလာစစ်တပ်ဟာ ဒေသခံ ဌာနေ တိုင်းရင်းသား အမျိုးသားတွေကို ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့သလို အမျိုးသမီးတွေကိုလည်း မုဒိမ်းကျင့်ပြီး ကျွန်ပြုခဲ့တာဖြစ်ပါတယ်။
အခု အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ အဘူလာ ၁၅ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မာရီရာဘာကယ်လ်က “ကျမခင်ပွန်းနဲ့ ကျမရဲ့ ၁၅ နှစ်အရွယ်သားကိုအဝေးကို ခေါ်သွားကြတယ်။ သူတို့ကအလုပ်သမားတွေပါ။ နေ့ခင်းဘက် စစ်တပ်က လာပြီး ခေါ်သွားတာ ရက်စွဲတော့ မမှတ်မိဘူး။ အဲဒါကကျမ ခင်ပွန်းနဲ့သားကို နောက်ဆုံးတွေ့ခဲ့ရတာပါ”လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ အဘူလာတွေဟာ သူတို့ရဲ့အမှုကို ဂွာတီမာလာရဲ့ အမြင့်ဆုံးတရားရုံးမှာ လျှောက် ထားခဲ့ပါတယ်။
၂၂ နှစ်တာကာလအတွင်း ဒီအမှုကြားနာစစ်ဆေးပြီးနောက် တရားရုံးဟာ မုဒိမ်းမှု၊ လူသတ်မှု၊ ကျွန်ပြုမှုတို့နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုတွေအတွက် စစ်တပ်အရာရှိ ၂ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် လျော်ကြေးငွေ ၁၈ ခု ခွင့်ပြုခဲ့ပါတယ်။
ဘာကယ်လ်က “ကျမတို့ရဲ့ အသံနဲ့ သမိုင်းကြောင်းကို ကျမတို့ နိုင်ငံအတွက် သိထားဖို့က အရမ်းအရေးကြီးပါတယ်၊ ဒါကြောင့် ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေက တခြားသူတွေ ဘယ်တော့မှ မဖြစ်ဖို့ အရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသမီးတွေဟာ တရားမျှတမှုနဲ့ ပဋိပက္ခနောက်ပိုင်း လျော်ကြေးငွေတွေရရှိဖို့ မိမိတို့အတွက်သာမက အနာဂတ်မျိုးဆက်တွေအတွက်ပါ တိုက်ပွဲဝင်ခဲ့ကြပါတယ်။
သူတို့တောင်းဆိုထားတဲ့ လျော်ကြေးငွေတွေဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအစီအမံတွေဖြစ်တဲ့ မြေယာတောင်းဆိုမှုတွေ ပြန်လည်ဖွင့်လှစ်ခြင်း၊ ကျန်းမာရေးစင်တာတစ်ခု ဖန်တီးခြင်း၊ စာသင်ကျောင်းတွေ တိုးမြှင့်တည်ဆောက်ခြင်းနဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ပညာသင်ဆုများ ပေးအပ်ခြင်းတို့ဖြစ်ပါတယ်။
Sepur Zarco တပ်စခန်းကို ၁၉၈၈ ခုနှစ်က တရားဝင်ပိတ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အမျိုးသားငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ခဲ့ပေမဲ့ လျော်ကြေးပေးခြင်းဆိုင်ရာ အစီအမံတချို့ကို အကောင်အထည်ဖော်ဖို့ အဘူလာတွေက စောင့်ဆိုင်းနေရ ဆဲပါပဲ။
ဘာကယ်လ်က “တရားမျှတမှုရဖို့ ကျမတို့ အားလုံးကို ပေးခဲ့တယ်။ မသေခင် ရလဒ်ကို မြင်ချင်တယ်”လို့ ဆိုပါတယ်။
ပြစ်ဒဏ်မှ ကင်းလွတ်ခြင်းကို လုံးဝလက်မခံနိုင်ပါ
ယနေ့အထိ၊ ကိုဆိုဗိုမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တစ်ဦး တစ်ယောက်ကိုမှ အောင်မြင်စွာတရားစွဲဆိုနိုင်ခြင်းမရှိသေးပါဘူး။ ဒရီတာဟာ့ဂျ်ဒရီကတော့ ဒါကို ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။
ဟာ့ဂျ်ဒရီဟာ ကိုဆိုဗို အထူးတရားစွဲဆိုရေးရုံးရဲ့ အစိုးရရှေ့နေဖြစ်ပါတယ်။ သူဟာ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲပါတယ်။
ဟာ့ဂျ်ဒရီက “တခြား စစ်ရာဇ၀တ်မှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ လူသားတယောက် တွေ့ကြုံခံစားနိုင်တဲ့ အဆိုးရွားဆုံးနဲ့ စိတ်ထိခိုက်ဖွယ် ရာဇ၀တ်မှုတစ်ခုဖြစ်တယ်” လို့ပြောပါတယ်။
ကိုဆိုဗိုပဋိပက္ခမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေကို အရှက်ရစေဖို့နဲ့နှိမ့်ချဖို့ ဗျူဟာမြောက် အသုံးပြုခဲ့ပေမဲ့ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်ပြီးတိကျတဲ့ စာရင်းဇယား မရှိပါဘူး။
ဟာ့ဂျ်ဒရီဟာ အသက်ရှင်ကျန်ရစ်သူတွေကို လိင်အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံတင်ပြဖို့ အားပေးတဲ့အခါမှာ သူတို့က ဒီအစီရင်ခံစာနဲ့ ပတ်သတ်တဲ့အကျိုးဆက် ဒါမှမဟုတ် သူတို့ရဲ့နေ့စဉ်ဘဝမှာ လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာမဟုတ်ဘူးဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။
ဟာ့ဂျ်ဒရီက “ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရာဇ၀တ်မှုတွေကို တရားစွဲတာဟာ တရားခံကို ဒီလုပ်ရပ်တွေက ရာဇ၀တ်မှုတွေအဖြစ် ပထမဆုံးအသိအမှတ်ပြုပြီး ပြစ်ဒဏ်ကင်းလွတ်နေတာကို လက်ခံနိုင်စရာမရှိဘူးလို့ သတင်းပေးနေပါတယ်။ "လို့ ရှင်းပြပါတယ်။
စစ်ရာဇ၀တ်မှုတွေအတွက် ကန့်သတ်ချက်မရှိပေမဲ့၊ ယနေ့ခေတ်အမှုအခင်းတွေမှာ တရားစွဲဆိုခြင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုဟာ အချိန်ကာလတစ်ခုဖြစ်တယ်လို့ ဟာ့ဂျ်ဒရီက မျှဝေပါတယ်။ ကိုဆိုဗိုမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ဆယ်စုနှစ် ၂ ခုရှိပြီ ဖြစ်ပါတယ်။
ဘာသာပြန်သူ- လီလီ