မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ၄ လမ်းနဲ့ ၅ လမ်းမှာ ဇူလိုင် ၂၆ ရက် ဒီနေ့မနက် ၈ နာရီခွဲက အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြင့်သိန်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၈ နာရီခွဲက သူဖွင့်လှစ်ထားတဲ့ တမာရိပ်စားသောက်ဆိုင်မှာ ရှိနေစဥ် ဆိုင်ကယ်နဲ့ အမည်မသိ အမျိုးသားသုံးဦး ရောက်လာကာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်တယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြားနေတာ။”
နေအိမ်မှာ မိသားစုဝင်တွေနဲ့ အတူရှိနေစဥ် ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဦးမြင့်သိန်း တဦးတည်းကိုသာ သေနတ်နဲ့ သုံးချက်ပစ်သွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရေအိုးစင်နားမှာ သေနေတာ၊ ဒေသခံ ပရဟိတအဖွဲ့က ဆေးရုံကို ပို့ပေးတယ်။ သူက ဦးစိုးမောင်ပါတီက၊ ၂၀၂၀ မှာ ဝင်ပြိုင်သေးတယ်။”
သေဆုံးသူ ဦးမြင့်သိန်းမှာ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးစိုးမောင် တည်ထောင်ထားတဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကနေ ၂၀၂၀ ပြည့်နှစ်က ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူတဦးဖြစ်တဲ့အပြင် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်ပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အမှတ် ၃ ရပ်ကွက်၊ ၄ လမ်းနဲ့ ၅ လမ်းမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။