မိုးရွာသွန်းမှု မရှိတဲ့အတွက် ပျိုးပင်တွေ သေသွားတာ၊ မြေတွေ ပပ်ကြားအက်လာတာ၊ ထွန်ယက်မရတော့တာ စတဲ့အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။
“ကျနော့်မှာဆို စိုက်ထားတဲ့ ပျိုးပင်တွေ အကုန်နီးပါး ခြောက်သွေ့နေတာပဲ။ အဲ့ထဲက တချို့က သေသွားပြီ။ အခုအခြေအနေက ထွန်ထားတဲ့မြေတွေမှာလည်း မျိုးစေ့ချလို့ အဆင်မပြေဘူး။ မြေက အရမ်းခြောက်သွေ့နေတာ။”
ဒါ့အပြင် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် စပါးပင်တွေ ပြန်လည်စိုက်ပျိုးရမယ့် အပိုင်းမှာလည်း မျိုးစပါးလိုအပ်မှု အခက်အခဲ ရှိနေတယ်လို့ ကျောက်တော်မြို့နယ်က လယ်သမားတဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးရာသီကလည်း မိုးရေချိန်နည်းပါးမှုကြောင့် တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ စိုက်ပျိုးထားတဲ့ လယ်ဧကတဝက်ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။