Home
မြန်မာသတင်း
နခံတောတိုက်ပွဲတွင် ကိုကောင်းမြတ်နိုင် ကျဆုံး၊ ထားဝယ်စစ်ရှောင်များအတွက် အရေးပေါ် ရိက္ခာ အလှူ ကမ်ပိန်းပြုလုပ်
DVB
·
July 25, 2023

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း ကိုကောင်းမြတ်နိုင်ဟာ ဇူလိုင် ၂၂ ရက်က လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးသွားတယ်လို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇူလိုင် ၂၄ မှာ ထုတ်ပြန်ထားပါတယ်။

အစိုးရနည်းပညာအထက်ကျောင်းသားဟောင်းလည်းဖြစ်၊ ထားဝယ်နည်းပညာတက္ကသိုလ်ရဲ့ စက်မှုစွမ်းအားအထူးပြု အင်ဂျင်နီယာကျောင်းသားဟောင်းလည်း ဖြစ်တဲ့ ကိုကောင်းမြတ်နိုင်ရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံမှုကို အလေးနီပြုပြီး ထားဝယ်နည်းပညာတက္ကသိုလ်ရဲ့ သူရဲကောင်းအဖြစ် မော်ကွန်းထိုးတယ်လို့ ကျောင်းသားများသမဂ္ဂ အလုပ်မှုဆောင်အဖွဲ့က ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ကိုကောင်းမြတ်နိုင်ဟာ ထားဝယ်နည်းပညာတက္ကသိုလ်မှ ပထမဆုံး ကျဆုံးသွားတဲ့ ကျောင်းသားတဦး ဖြစ်တယ်လို့ သိရပါတယ်။

“ကိုကောင်း​​မြတ်နိုင်က ထားဝယ်နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းပါ။ ကျန်တဲ့ အသေးစိတ် အချက်အလက်ကတော့ သူရဲ့မိခင်အဖွဲ့အစည်းက သတင်းထုတ်ပြန်ပြီးမှ ပြောလို့ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေအားလုံးလည်း တော်လှန်ရေးမှာ ဘေးကင်းစွာ ဆက်လက်ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်” လို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရဲ့ ကျောင်းသားရေးရာတာဝန်ခံက ဒီဗွီဘီကို​ ပြောပါတယ်။

ကိုကောင်းမြတ်နိုင်ဟာ ၂၀၂၃ ဖေဖော်ဝါရီလက တိုက်ပွဲတခုအတွင်း ညာဘက်လက်ဒဏ်ရာကြောင့် ဖြတ်တောက်လိုက်ရပြီး လက်အတုတပ်ဆင်ထားရပေမဲ့ အသက်သေဆုံးတဲ့အထိ တိုက်ပွဲဝင်ခဲ့တာကြောင့် ကိုကောင်းမြတ်နိုင် စိတ်ဓာတ်ကို အတုယူပြီး စစ်အာဏာရှင်စနစ်ကို အမြစ်​​ပြတ်အောင် တော်လှန်တိုက်ထုတ်ကြဖို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူနဲ့ ဆရာ၊ ဆရာမ ၂၁ အဖမ်းခံခဲ့ရပြီး ၁၂ ဦး ပြန်လွတ်ခဲ့ပြီးဖြစ်ကာ သမဂ္ဂအလုပ်မှုဆောင် ၂ ဦးအပါအဝင် ၉ ဦးကတော့ ထားဝယ်ထောင်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံနေရဆဲ ဖြစ်ပါတယ်။

ကိုကောင်းမြတ်နိုင်နဲ့အတူ အခြားပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦးလည်း နခံတောတိုက်ပွဲမှာ အတူတူကျဆုံးတယ်လို့ ကနဦး သိထားရပြီး အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ခုခံတော်လှန်စစ်မှ တိုက်စစ်ကို ပြောင်းလဲကာ စစ်ရေးအရှိန်မြှင့်လာတာကြောင့် ထိတွေ့တိုက်ပွဲ အကြိမ်ရေများလာပြီး စစ်ကောင်စီဘက်ကလည်း အထိနာသလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ဇူလိုင်လ တလအတွင်းမှာ ထားဝယ်ခရိုင်အတွင်း ကျဆုံးရဲဘော် ၉ ဦးအထိရှိနေပြီဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်ဘေးရှောင်များအတွက် အရေးပေါ်ရိက္ခာ လိုအပ်ချက်အရ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လောင်းလုံးမြို့နယ် နိုင်ငံရေး ဦးဆောင်အဖွဲ့၊ ထားဝယ်လူငယ်များသပိတ်လှုပ်ရှားမှုကော်မတီ၊ တပ်ပေါင်းစုသပိတ်ကော်မတီ၊ ဂိမှာန်ထောက်ပို့ကော်မတီတို့ ပူးပေါင်းပြီး ဇူလိုင် ၂၄ ရက်ကနေ ၂၇ ရက်အထိ ၄ ရက်တာ ရန်ပုံငွေရှာဖွေရေးကမ်ပိန်းကို ပြုလုပ်နေကြပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ထားဝယ်ခရိုင် လောင်းလုံးနဲ့ ရေဖြူမြို့နယ်တို့မှာရှိတဲ့ စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် အရေးပေါ်လိုအပ်ချက်တခု ဖြစ်တဲ့ ဆန်ရိက္ခာ ကူညီပေးနိုင်ဖို့ ရည်ရွယ်​ပြီး ကမ်ပိန်းပြုလုပ်တာလို့ ကမ်ပိန်းဖြစ်မြောက်ရေး ဦးဆောင်နေသူတဦးက ပြောပါတယ်။

အရေးပေါ်ရိက္ခာလိုအပ်ချက်ဖြစ်ပြီး အခြေခံစားနပ်ရိက္ခာ​​ဖြစ်တဲ့ ဆန်အိတ် ၁၀၀ အတွက် ကျပ်သိန်း ၇၀ ရရှိဖို့ အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကူညီလိုသူတွေအနေနဲ့ ကမ်ပိန်းဦးဆောင်ပြုလုပ်တဲ့ အဖွဲ့ ၅ ဖွဲ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တိုက်ရိုက်ကူညီနိုင်တယ်လို့ သိရပါတယ်။

ကမ်ပိန်းကို ရက်တိုတိုနှင့် အရေးပေါ်ပြုလုပ်ရတာနဲ့ပတ်သက်ပြီး ကမ်ပိန်းဖြစ်မြောက်ရေးမှာ ပါဝင်တဲ့ တပ်ပေါင်းစုသပိတ်ကော်မတီ ထားဝယ်ရဲ့ တာဝန်ခံက “လူထုရဲ့အင်အားကို ယုံကြည်တာရယ်၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် တကယ်လိုအပ်နေတဲ့ ရိက္ခာဖြစ်နေတာရယ်ကြောင့် အခုလို အ​ရေးပေါ် လုပ်ဖြစ်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင် ၁၁ ရက်ကစပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသနဲ့ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနဲ့ နခံတောကျေးရွာအုပ်စုကို စစ်ကောင်စီက ကုန်းကြောင်း ရေကြောင်း စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၁၀၀၀ ကျော် အရေးပေါ် စစ်ဘေးရှောင်နေရပြီး အကူညီတွေ လိုအပ်နေတာပါ။

ဇူလိုင်လအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးအပါအဝင် ပစ်သတ်ခံရတာကြောင့် အရပ်သား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပြီး မော်တော်ကား ၁ စီးနဲ့ နေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024