အပူလှိုင်းတွေဖြတ်အပြီး ဇူလိုင် ၂၄ ရက်က ဥရောပတိုက် ဂျာမနီနဲ့ အီတလီနိုင်ငံတွေမှာ မိုးသက်လေပြင်းတွေ၊ မုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရဲ့ မြို့လယ်မှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းတွေကျိုး၊ စားသောက်ခန်းတွေရဲ့ အပြင်ဘက် အခင်းအကျင်းတွေ ပျက်စီးသွားပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် မီးပွိုင့်တွေ ပြတ်တောက်ပြီး ဒေသဆိုင်ရာ s-bahn (မြေပေါ်ရထားတွေ) ပြေးဆွဲမှုကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ ဒေသခံမီဒီယာတွေက သတင်းဖော်ပြပါတယ်။
ဘာလင်မီးသတ်ဌာနတွေကလည်း ညနေပိုင်းအတွက် ထူးခြားတဲ့ အခြေအနေဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ကြေညာခဲ့ပါတယ်။ ပျက်စီးမှု အတိုင်းအတာနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီတလီနိုင်ငံ အရှေ့မြောက်ပိုင်း မွန်ဇာပြည်နယ်မှာလည်း ဇူလိုင် ၂၄ ရက်က မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ မျက်မြင်သက်သေ ဗီဒီယိုကတော့ ဒက်ဇီယိုမြို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်တာကို ညဘက်အထိ တွေ့ရပါတယ်။
အီတလီနိုင်ငံမှာ မကြာသေးမီရက်တွေအတွင်း ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရတာပါ။
တောမီးလောင်ကျွမ်းတာတွေနဲ့ အပူချိန် မြင့်တက်လာတာတွေအပြီး ခုလို မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် နိုင်ငံတောင်ပိုင်း ကာလာဘရီယာဒေသနဲ့ စစ္စလီကျွန်းတို့ကို ထိခိုက်စေခဲ့ပါတယ်။
Source - Reuters