Home
မြန်မာသတင်း
ဝက်လက်နှင့် ရေစကြိုတို့တွင် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
DVB
·
July 24, 2023

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ မီးသတ်ရုံးနဲ့ တိုင်းရင်းဆေးတိုက်မှာ တပ်စွဲပြီး နေထိုင်နေတဲ့ စစ်သား၊ ပျူစောထီး နဲ့ ရဲတွေကို ဇူလိုင် ၂၃ ရက် မနက် ၈ နာရီခွဲလောက်မှာ တကြိမ်နဲ့ ရဲစခန်းပင်မဆောင်ကို ည ၁၁ နာရီ ၁၁ မိနစ်မှာ တကြိမ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်းက ပြောပါတယ်။

မီးသတ်ရုံးနဲ့ တိုင်းရင်းဆေးတိုက်မှာ နေထိုင်နေတဲ့ စစ်ကောင်စီတပ် စစ်သား ၄၀ ဝန်းကျင်ကို တပိဿာခွဲ အလေးချိန်ရှိတဲ့ ဗုံးသီး ၄ လုံးကို ဒရုန်းနှစ်စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ် ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။ 

"အဲ့ဒီ မီးသတ်ရုံးနဲ့ တိုင်းရင်းဆေးတိုက်မှာ ဗုံးချတိုက်ခိုက်မှုမှာ ၂ ယောက် သေပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ ကျနော်တို့ဒီမနက်မှာသတင်းရပါတယ်။ သူတို့က မီးမသင်္ဂြိုဟ်ဘူး၊ မြှုပ်တာ၊ ဘယ်မှာ မြှုပ်လဲဆို ကြံ့ခိုင်ရေးရုံးမှာ မြှုပ်ထားတာ မနေ့က သေတဲ့ အလောင်းတွေကို၊ ကျင်းတူးနေတာကို ကျနော်တို့အဖွဲ့ဘက်က မြင်ခဲ့ရတယ်။" 

ဝက်လက်မြို့ မီးသတ်စခန်း၊ တိုင်းရင်းဆေးတိုက်နဲ့ ရဲစခန်းတွေက သုံးပွင့်ဆိုင် အနီးကပ်ရှိနေတဲ့ နေရာတွေဖြစ်တာကြောင့် တကြိမ်တည်း မီးသတ်စခန်းနဲ့ တိုင်းရင်းဆေးတိုက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိဘူးလို့ သိရပါတယ်။

ဝက်လက်မြို့ရဲစခန်းက ပင်မဆောင်ကိုလည်း ဒရုန်းနဲ့ဗုံးသီး ၈ လုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သတင်းတွေကို ဖုံးထားတဲ့အပြင် ညဘက်လည်း ဖြစ်တာကြောင့် ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်သားတွေ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဝက်လက်မြို့က စစ်သားတွေ တိုက်ခိုက်ခံရတာကြောင့် မြို့ထဲကစစ်သားတွေက နေရာပေါင်းစုံကို လက်နက်ငယ်၊ စက်သေနတ်တွေနဲ့ အချိန်ကြာကြာ ပြန်ပစ်ခတ်ခဲ့ပြီး ဝက်လက်မြို့ကိုလည်း လော့ဒေါင်းချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း နဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ တို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်းအဖွဲ့ရဲ့ ဒရုန်းနှစ်စီးက စစ်ဆင်ရေးပြုလုပ်ချိန် ပျက်ကျခဲ့တာကြောင့် ပြန်မဝယ်နိုင်သေးသလို အလှူငွေလည်း မရရှိနေတာကြောင့် ဒရုန်းဝယ်ယူဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ရေစကြိုမြို့နယ်ပကဖကနေ သိရပါတယ်။

ရေစကြိုနယ် သူဌေးကုန်းကျေးရွာကို တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်သား ၂၅ ယောက်လောက်ကို ဇူလိုင် ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင်ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေ နေတဲ့နေရာကို အီနာဂါဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးဒဏ်ရာရတဲ့သူရှိနိုင်ပြီး ရေစကြိုမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ စီးနင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024