ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဈေးပိုင်းရပ်ကွက်အနီး၊ ကျောက်တံခါး-သူဋ္ဌေးကုန်း ဆက်သွယ်ထားတဲ့လမ်းမှာ ရှိတဲ့ ၂၃၀ ကေဗွီဓာတ်အားလိုင်း တာဝါတိုင် ၂ ခုဟာ ဇူလိုင် ၂၃ ရက်၊ ညက ဖောက်ခွဲခံရတာကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပြိုကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြိုကျခဲ့တဲ့ ဓာတ်အားလိုင်းတွေဟာ နေပြည်တော်- တောင်ငူ- သာယာကုန်း- ပဲခူးကမာနတ်နဲ့ တရုတ်နိုင်ငံအထိ ဆက်သွယ်ထားတဲ့လိုင်းတွေလို့ သိရပြီး ည ၁၁ နာရီ ၃၅ မိနစ်လောက်က ဖောက်ခွဲခံခဲ့ရတာလို့ သိရပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “စစ်တပ်က မနေ့က ၂၃ ရက် ညပိုင်းကတည်းက လက်နက်ကြီး တောက်လျှောက်ပစ်နေတယ်။ အဲ့ဒီမှာ ထိသွားတဲ့ ရွာတွေ၊ မိသားစုတွေ ရှိနိုင်ပါတယ်။ ည ၁၁ နာရီ ၃၅ မိနစ်မှာ မဟာဓာတ်အားလိုင်း တာဝါတိုင် ၂ ခုကို ဖောက်ခွဲခဲ့တာ ရှိပါတယ်။ အဲ့ဒီလိုင်းတွေက ရွှေကျင်ကနေလာတဲ့ လိုင်းတွေလို့ သိရတယ်၊ နေပြည်တော်ကနေ တရုတ်ကို တိုက်ရိုက်ပို့တဲ့ ပရောဂျက်ဆွဲထားတဲ့ လုပ်ငန်းတွေ ဖြစ်တယ်၊ လျှပ်စစ်မီး ရောင်းစားထားတဲ့ ကိစ္စတွေပါ၊ အဲ့လိုင်းတွေကို ဖောက်ခွဲတာပါ။ ပြည်သူလူထုကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ လိုင်းတွေ မဟုတ်ပါဘူး၊ စစ်ကောင်စီရဲ့ အကျိုးစီးပွားထဲက လုပ်ငန်းတခုဖြစ်လို့ ဖျက်ဆီးတာပါ” လို့ ပြောပါတယ်။
ဇူလိုင် ၂၃ ရက် ည ၈ နာရီလောက်က ကျောက်တံခါးမြို့နယ် ရွာတွေဘက်ကို စစ်ကောင်စီရဲ့ ခလရ၊ ခမရတပ်တွေက ၁၂၀ မမ လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ဒေသခံ ၄ ဦးသေဆုံးခဲ့ရပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ စစ်ကောင်စီရဲ့တာဝါတိုင်တွေကို ဖောက်ခွဲခံခဲ့ရတာလို့ သိရပါတယ်။
ဓာတ်ပုံ(ဒေသခံ)