Home
ဆောင်းပါး
ဖြုတ်လိုက် ခန့်လိုက် သံသရာလည်နေတဲ့ ရဲချုပ် 
DVB
·
July 24, 2023

စစ်ကောင်စီက ဇူလိုင်လ ၂၁ ရက်က ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ရဲ့ နေရာကို ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အစားထိုးခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။ ဗိုလ်ချုပ်ဇင်မင်းထက်ကို တာဝန်က အနားပေးပြီး အရပ်ဘက် အားကစားနှင့် လူငယ်ရေးရာ ဒုဝန်ကြီးနေရာကို ပြန်လည်အစားထိုးနေရာပေးခဲ့ပါတယ်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာစိုးလင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးရဲ့  ဒုဝန်ကြီးနေရာကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်နေရာမှာ ခန့်အပ်ခံရသူက တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်ဖြစ်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့သူလို့ ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးပဲ ဖြစ်ပါတယ်။

စစ်တပ်အရာရှိကြီးနဲ့ နီးစပ်သူတဦးက “ရဲချုပ် အပြောင်းအလဲရှိတာ သိတယ်။ အဲဒီနေရာကို လိုချင်လို့ လိုက်နေတဲ့သူတွေ ရှိတယ်။ စီနီယာအရပေးဆို ဒုရဲချုပ်အောင်နိုင်သူ ဖြစ်ရမှာ ဒါပေမဲ့ မင်းအောင်လှိုင်က လူစိတ်မရှိတော့ လုပ်ရဲကိုင်ရဲတဲ့သူပဲထားတာ”လို့ ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ လူမျိုတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်နေတဲ့ ဗိုလ်ချုပ်နီလင်းအောင်ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ကာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကို ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဟာ ကြည်းအမှတ် ၂၇၁၆၀ စစ်တက္ကသိုလ်အပတ်စဥ် ၃၇ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး သူ့ဇနီးကဒေါ်လဲ့လဲ့မာဖြစ်ကာ မမေစံပယ်ညွှန်းနဲ့  ဘုန်းညီညာ ဆိုတဲ့ သားသမီးနှစ်ယောက် ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဒုဗိုလ်မှူးကြီးအဆင့်အထိ ရာထူးတိုးမြှင့်ခံရတဲ့ နီလင်းအောင်ဟာ မင်းအောင်လှိုင်လက်ထက်မှာ ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ် အဆင့်အထိ ရာထူးတိုးမြှင့်ပြီး ၂၀၁၈ ခုနှစ်မှာ မင်္ဂလာဒုံဆေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးတစ်ဦး ဖြစ်လာပါတယ်။

စစ်တပ်အရာရှိပိုင်းနဲ့ နီးစပ်သူက “ဗိုလ်ကြီးဘဝကတည်းက သူများကို ခြေထိုးပြီးနေရာယူတာ ဗိုလ်မှူးဘဝရောက်တော့ သူ့ကြောင့် ပြုတ်ကုန်တဲ့သူတွေ အများကြီး။ ရွှေဝါရောင်တော်လှန်ရေးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းတဲ့အထဲ သူလည်း ပါတယ်။ နိုင်ငံရေးသမားတွေ ဖမ်းလို့ ရာထူးရတဲ့အထဲမှာ သူရယ် အခု အငြိမ်းစားယူသွားတဲ့ ရဲမှူးကြီးမြင့်ကြိုင်လည်း ပါတယ်”လို့ ပြောပါတယ်။

မင်္ဂလာဒုံဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး နေရာရတဲ့အခါ ဗိုလ်လောင်းတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ငွေကြေးတောင်းခံပြီး သူ့ထက်ရာထူးကြီးသူသူကို  ဂါရဝပြုမှုကြောင့် လူမုန်းများသူလည်း ဖြစ်ပါတယ်။

“အာဏာသိမ်းပြီးတော့ မင်းအောင်လှိုင်တွေ့တဲ့ တိုင်းမှူးတွေထဲမှာ သူလည်းပါတယ်။ အဲဒီတုန်းက ဗိုလ်မှူးချုပ်အဆင့်ပဲရှိသေး”လို့ စစ်တပ်မှ ရာထူးကြီးသူတယောက်နဲ့ နီးစပ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ဧပြီလ ၈ ရက်မှာ တောင်ကြီးတပ်နယ်မှာ မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နဲ့ ဇနီးဖြစ်သူကို တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ပြီး ခြောက်လအကြာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှာ ဗိုလ်ချုပ်အဆင့်ကို ရာထူတိုးမြှင့်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ရာထူး ရတဲ့အချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် ခြေလျင်တပ်ရင်းတွေကို ကွပ်ကဲရတဲ့ နီလင်းအောင်ဟာ သူ့ရဲ့တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ၅၃၁ နဲ့ ခြေမြန်တပ်မ ၆၆ ကို ကရင်နီပြည်နယ်မှာ ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်အောင် စေခိုင်းခဲ့တာ ဖြစ်ပါတယ်။

ရာထူးရဖို့သာ ခေါင်းထဲရှိပြီး ပြည်သူလူထု အသက်ကို သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ ဗိုလ်ချုပ်နီလင်းအောင်ရဲ့ အပုပ်နံ့တွေ ထွက်ပေါ်လာချိန်မှာတော့ အရှေအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း နယ်နိမိတ်အလယ်ရှိ ဒေသတွေနဲ့ သူနဲ့ထိစပ်တဲ့ နေရာဒေသတွေကို ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကတာဝန်ယူဆောင်ရွက်ရတဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာကို ပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လအထိ တာဝန်ထမ်းဆောင်ပြီး သြဂုတ်လ ၁၉ ရက်မှာ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကို ရာထူးတိုးကာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကို ပူးတွဲတာဝန်ပေးခဲ့ပါတယ်။

စစ်တပ် အကြီးတန်းအရာရှိတစ်ဦးက “သူတို့မိသားစုက ဘက်စုံတော်တာ။ သူ့သားသမီးတွေက မင်းအောင်လှိုင်ရဲ့ မြေးတွေကို ချေးကအစ ကုန်းပေးတာ။ သူ့မိန်းမက လူလည်၊ နီလင်းအောင် ရာထူးတက်တာ သူ့မိန်းမကြောင့်လည်း ပါတယ်။ တိုင်းမှူးတွေထဲမှာ နီလင်းအောင်ကို သဘောကျတာ ဝင်ငွေရှာတာတော်တယ် လုပ်ရဲကိုင်ရဲတယ်”လို့ ပြောပါတယ်။

တာဝန်က ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ဇင်မင်းထက်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးက တွဲဖက်စစ်ရေးချုပ် ၂ တာဝန်ယူနေချိန် ၂၀၂၂ ခုနှစ် မေလ ၂ ရက်က ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကိုပါ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက “ဗိုလ်ချုပ်ဇင်မင်းထက် လက်ထက်မှာ ဘာမှပြောင်းလဲမှုမရှိဘူး။ ငွေရှာမပေးနိုင်ဘူး။ အဲဒါကြောင့် နေရာချိန်းတာ။ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကလည်း ရာထူးရှိပြီး နေရာမရှိဘူး။ သူလည်း နေရာလိုချင်လို့ ခဏခဏတွေ့နေတာပဲ။ သူ့ကို မသုံးတော့ဘူး။ ဗိုလ်ချုပ်မျိုးမင်းထွန်းကို ထင်ကြေးပေးမယ့် နီလင်းအောင်ကို ရွေးလိုက်တာ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် မေလ ၂ ရက် မှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကို တာဝန်ပေးခဲ့ပါတယ်။ ဒီလိုတာဝန်ပေးဖို့အတွက် ၂၀၁၇ ခုနှစ် မေလ ၁ ရက် စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးကို ဖြုတ်ခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့သူဖြစ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကို ရွေးကောက်ပွဲမတိုင်မီ အနားပေးခဲ့ပြီး ရဲချုပ်အောင်ဝင်းဦးကို ဖေဖော်ဝါရီလ ၂ ရက်မှာ ဖြုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူး ရရှိပြီးနောက်မှာ အစ်ကိုအရင်းဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးမိုးလှိုင်ကို သတ်ခဲ့တဲအထိ မိုက်ပြခဲ့ပါတယ်။

ဒီလို သတ်ပြခဲ့တဲ့ ရဲချုပ်ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ-၆) ရာထူး တာဝန်ထပ်မံပေးကာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်မှာ အနော်ရထာ၊ အလောင်းမင်းတရားစတဲ့အမည်နဲ့ PDF တွေကို နှိမ်နင်းဖို့ခိုင်းခဲ့ပါတယ်။

PDF တွေကို မနှိမ်နင်းနိုင်တဲ့အပြင် မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်နေတဲ့ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ၂၀၂၂ ခုနှစ် မေလ ၂ ရက်မှာ တာဝန်က အနားပေးခဲ့တာ ဖြစ်ပါတယ်။

ရဲချုပ် ခန့်အပ်ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုပ်သက်ရင့် ရဲမှူးချုပ်၊ ဒုရဲချုပ်တွေကို မခန့်ဘဲ စစ်ဘက်က အသွင်ပြောင်းလာတဲ့ မိုးကျရွှေကိုယ်များကို ခန့်တာကလည်း ရဲတပ်ဖွဲ့ မတိုးတက်ရခြင်းရဲ့ အဓိကပြဿနာတရပ်ဖြစ်တယ်လို့  အငြိမ်းစားရဲမှူးကြီးတစ်ဦးက ဝေဖန်ပြောပါတယ်။

“ရဲအလုပ်ကို ဝါသနာပါလို့ ရဲထဲ ဝင်လာတယ်။ ကြိုးစားတယ်။ တကယ်တမ်း ရာထူးအဆင့်က ရဲမှူးချုပ်အဆင့်ပဲ ရှိမယ်၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာမှ ရဲဗိုလ်ချုပ်နဲ့ ရဲဗိုလ်ချုပ်ကြီးဆိုတာ ဖြစ်လာတာ ပြောချင်တာက။ တပ်က ဗိုလ်မှူးကြီးတစ်ယောက်က ရဲဘက်ပြောင်းလာတယ်။ ဘာတာဝန်မှ မထမ်းဆောင်ရသေးဘူး။ ရဲမှူးချုပ်တန်းဖြစ်တယ်။ သူက အဲဒီဌာနအကြောင်း မသိဘူး။ ဒီလိုနဲ့နောက် သုံးနှစ်လောက်နေရင် သူက ဒုရဲချုပ်ဖြစ်သွားရော တကယ်တမ်း လုပ်လာတဲ့သူက ရာထူးမရဘူး။ အခုဆို ရဲတွေက ရဲချုပ်နေရာ မမျှော်မှန်းရဲတော့ဘူး”လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ရဲချုပ်နေရာတာဝန်ထမ်းသူ နှစ်ဦးမှာ ရဲချုပ်ဇော်ဝင်းနဲ့ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးတို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၁ မှာ ဦးသိန်းစိန်အစိုးရကို အာဏာလွှဲပြောင်းပြီးနောက် ၂၀၁၃ ဇူလိုင်လအထိ ရဲချုပ် ခန့်အပ်ခြင်းမရှိဘဲ ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက် ရဲချုပ်မှာ ရဲချုပ်ဇော်ဝင်း ဖြစ်ပါတယ်။

ရဲချုပ်ဇော်ဝင်းဟာ မှော်ဘီဗိုလ်လောင်းအမှတ်စဥ် ၆၁ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဗိုလ်မှူးကြီးရာထူးနဲ့ ရဲတပ်ဖွဲ့ကို ကူးပြောင်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ ၃၀ ရက်မှာ ရဲချုပ်ဇော်ဝင်း အနားယူပြီး ရဲမှူးချုပ်အောင်ဝင်းဦးကို ယာယီရဲချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရဲချုပ်အောင်ဝင်းဦးဟာလည်း ဗိုလ်မှူးကြီးရာထူးနဲ့ စစ်ဘက်ကနေ ရဲဘက်သို့ ပြောင်းရွှေ့လာသူတစ်ဦး ဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှာ ရဲဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်ပေးခဲ့ပါတယ်။

အငြိမ်းစားရဲမှူးကြီးတဦးက “အဲဒီတုန်းက ရဲချုပ်နေရာကို ရဲမှူးဘဝကတည်းက ပြည်နယ်ရဲတပ်ဖွဲ့မှူးအထိ ဖြစ်လာတဲ့ ရဲမှူးချုပ်မျိုးဆွေဝင်းကို ခန့်စေချင်တာ။ ဒေါ်အောင်ဆန်းစုကြည်လည်းသဘောကျတယ်။ ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအရ အောင်ဝင်းဦးကိုခန့်တာ။ ခန့်ပြီးမှ သူတို့နှစ်ယောက်က ဒေါ်စုကို လေးစားသူတွေ ဖြစ်နေလို့ ဖြုတ်ပစ်လိုက်တာ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်မှာ သမ္မတဟာ ရဲချုပ် ခန့်အပ်တာပဲ ဖြစ်ဖြစ်၊ ထုတ်ပယ်တာပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းရမယ် ဆိုတဲ့ အချက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ ထုတ်ပြန်လာပါတယ်။

ဒီလိုထည့်သွင်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကတည်းက ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကို ခန့်ဖို့ သမ္မတက တပ်ချုပ်ဆီက အမည်စာရင်းတောင်းရတဲ့ အခြေအနေနဲ့ ဆင်တူအောင် ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေနေတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“မင်းအောင်လှိုင်က ရဲချုပ်ဆိုရင် ဗိုလ်မှူးချုပ် ခင်ရီတို့လို ဦးခင်ညွန့်တောင် ပြန်ဖမ်းရဲတဲ့သူမျိုး လိုချင်တာ။ ဒါကြောင့် ရဲတွေကို ၂၀၁၈ ရက်က ရဲဗိုလ်ချုပ်ကြီး၊ ရဲဗိုလ်ချုပ် ဆိုပြီး အဆင့်တိုးပေးတာ ဒါပေမဲ့ ခန့်လိုက်တဲ့ ရဲချုပ်တွေက သူထင်ထားသလို ဖြစ်မလာဘူး” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းရာထူးအဆင့်တွေကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြောင်းလဲ သတ်မှတ်ပြီး ရဲချုပ်နဲ့ ဒုရဲချုပ် နှစ်ယောက်တို့ကို အပွင့်တပွင့်ဆီ တိုးပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီးခဲ့တဲ့ ရဲချုပ်ဟာ ဗိုလ်မှူးချုပ်ခင်ရီ ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ  ၁၈၇၅ ခုနှစ် ၁၉၄၇ အထိ ရဲချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ၁၄ ဦးရှိပြီး ၁၉၄၇ ဇန်နဝါရီလ ၂၉ ရက်မှာ ရဲချုပ်မှာ ဦးထွန်းလှအောင် ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ရဲချုပ်အဖြစ် ဦးထွန်းလှအောင်၊ ဦးဘမောင်(၁)၊ မစ္စတာဂျိုကလပ်၊ ဦးဘမောင် (၅)၊ ဦးဘုံ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ မှ ၁၉၇၄ ခုနှစ်အထိ ဗိုလ်မှူးကြီးသန်းစိန်၊ ဒုဗိုလ်မှူးကြီးအုန်းဖေ၊ ဦးသန်း၊ ဗိုလ်မှူးကြီးအုန်းကြည်တို့ ဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကာလ ၁၉၇၄ ခုနှစ်က ၁၉၈၈ ခုနှစ်အထိ ဗိုလ်မှူးကြီးရွှေသန်း၊ ဦးသိမ်းအောင်၊ ဦးထင်ကျော် ဖြစ်ပါတယ်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်အထိ ဗိုလ်မှူးကြီးသူရဖေအောင်၊ ဗိုလ်မှုးကြီးစံသိန်း၊ ဗိုလ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှုးချုပ်ခင်ရီ ဖြစ်ပါတယ်။ ရဲချုပ် ဖြစ်လာသူတွေဟာ ရဲတပ်ဖွဲ့မှ ထမ်းဆောင်ရင်း ဖြစ်လာသူနည်းပြီး စစ်တပ်ဘက်ကနေ ပြောင်းရွှေ့လာသူ များတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တပ်နဲ့ ရဲကမတူဘူး။ ရဲက ပြည်သူနဲ့ အမြဲထိတွေ့ရတာ။ လုပ်ငန်းချင်းလည်း မတူဘူး။ တပ်က လူတွေ ရဲဘက်ပြောင်းရင် ရာထူးကြီးတွေရတာ ဒီလိုပဲ။ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်တပ်က ကိုင်ထားတော့ ရဲတွေမှာ ဆုံးဖြတ်ခွင့် မရှိဘူး။ တပ်ကပဲ ဆုံးဖြတ်တာ။ အခုလည်း ရဲချုပ်နေရာကို လူပြောများတဲ့သူ ခန့်တယ်။ အဲဒီလိုသာ ခန့်နေရင် ရဲတပ်ဖွဲ့ မတိုးတက်ဘူး” လို့ သုံးသပ်ပြောပါတယ်။

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024