ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာမှာ ဇူလိုင် ၂၃ ရက် ည ၈ နာရီကျော်လောက်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်ဆန် နေအိမ်ခေါင်မိုးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိပ်ပျော်နေတဲ့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တံခါးမြို့နယ်အတွင်းရှိ ခလရ-၂၆၄၊ ခမရ-၃၀၇၊ ခမရ-၃၀၈ တို့က အခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ သမင်အင်းကုန်း၊ တောင်ခင်၊ နံဇကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ကျောက်တံခါးမြို့ခံတဦးက "တနေ့ကို အလုံး နှစ်ဆယ်အထက် ပစ်နေတာ၊ နှစ်ဖက်တိုက်ပွဲလည်းမရှိဘဲ။ ညကတော့ ဘယ်သူမှ ရွာပြင်မထွက်ရဲကျဘူး၊ အခုမနက်မှ လက်နက်ကြီးထိတဲ့ အိမ်တွေထဲ ဝင်ကြည့်ရင်း တွေ့ရတာ။ သူတို့အိမ်ပေါ် တည့်တည့်ကို အိပ်နေတုန်းကျတာ။ ညထဲက သေနေတာ ဖြစ်မယ်၊ အခုမနက်တော့ နာရေးကိစ္စတွေလုပ်နေတယ်၊ နေ့ချင်းပဲ သင်္ဂြိုဟ်မှာပါ။ အခုလိုအခြေအနေတွေနဲ့ ကြာကြာထားဖို့ မလွယ်ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီးကျည် နေအိမ်ပေါ်ကျတာကြောင့် အသက် ၄၇ နှစ် အရွယ် အမျိုးသားတဦး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၈ နှစ်အရွယ် ယောကျာ်းလေး တဦးနဲ့ အသက် ၁၁ နှစ် အရွယ် မိန်းကလေးတဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူ မိသားစုဝင် ၄ ဦး ရုပ်အလောင်းတွေကို နေ့ချင်းပြီး သမင်အင်းကုန်းကျေးရွာ သုသာန်မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပြီး လက်နက်ကြီးကြောင့် ရွာထဲရှိ နေအိမ် ၇ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၈ ရက်ကလည်း ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ရထားလမ်းနဲ့ တံတားနှစ်စင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးခဲ့သလို ကျောက်တံခါးမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရဲသတင်းပေး ၂ ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။