စပိန်နိုင်ငံမှာ ဇူလိုင် ၂၃ ရက်က ကျင်းခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲအတွင်း ကွန်ဆာဗေးတစ် ပြည်သူ့ပါတီ (PP)ရဲ့ ခေါင်းဆောင်ဖြစ်သူ အယ်လ်ဘာတို နူးနက်ဇ်ဖေဟိုက သူတို့ပါတီ အနိုင်ရရှိခဲ့ကြောင်း အတည်ပြုပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့အတွက် ပါတီအားလုံးနဲ့ စေ့စပ်ညှိနှိုင်းသွားဖို့က အဓိကဦးစားပေး ကိစ္စရပ် ဖြစ်တယ်လို့ ဖေဟိုက ပြောသွားပါတယ်။
စပိန်နိုင်ငံတော် အလံတွေကို ဝှေ့ယမ်းရင်း ကြွေးကြော်သံတွေနဲ့အတူ ပျော်ရွှင်နေကြတဲ့ ဖေဟိုရဲ့ ပြည်သူ့ပါတီအပေါ် ထောက်ခံသူတွေဟာ မက်ဒရစ်မြို့ရဲ့ လမ်းတစ်ခုမှာ အောင်ပွဲခံနေကြတာကို တွေ့ရပါတယ်။
စပိန်နိုင်ငံမှာ ရွေးကောက်ရလဒ် ထွက်ပေါ်လာပြီ ဖြစ်ပေမယ့်လည်း နိုင်ငံရေးအနာဂတ်ကတော့ ဟန်ချက်ညီစွာ မပြီးပြတ်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒီရွေးကောက်ပွဲမှာ လက်ဝဲအုပ်စုရော လက်ယာအုပ်စုကပါ အမတ်နေရာ အများစုကို ပြတ်ပြတ်သားသားအနိုင်ရသွားတာမျိုး မရှိတာကြောင့် ပါလီမန်လွှတ်တော်မှာ မတိုးသာမဆုတ်သာ အခြေအနေတရပ်ဆီ ဦးတည်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် အစိုးရသစ်တရပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အချိန်ပိုမိုကြာမြင့်နိုင်တဲ့အပြင် ညှိနှိုင်းမှုတွေကပါ အချည်းနှီးဖြစ်သွားနိုင်ဖွယ် ရှိနေပါတယ်။
ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ် အထိ မဲဆန္ဒစုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ ဖေဟိုရဲ့ ပြည်သူ့ပါတီက အမတ်နေရာ ၁၃၆ နေရာ၊ လက်ရှိ ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်ရဲ့ အာဏာရ ဆိုရှယ်လစ်ပါတီ (PSOE)က ၁၂၂ နေရာအထိ အနိုင်ရရှိထားပါတယ်။
ဒါ့အပြင် လက်ယာစွန်းပါတီ ဗော့စ် (Vox) က ၃၃နေရာ နဲ့ လက်ဝဲစွန်းပါတီ ဆူးမားက ၃၁ နေရာကို ပိုင်ဆိုင်ခဲ့တာကြောင့် အစိုးရဖွဲ့နိုင်ရေးက ဒီပါတီနှစ်ခုရဲ့ အလားအလာပေါ်မှာ မူတည်လို့ နေပါတယ်။
လာမယ့်သြဂုတ်လ ၁၇ ရက်နေ့မှာ ပါလီမန် လွှတ်တော်အသစ် ခေါ်ယူပြီးနောက်ပိုင်း အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ရေးအတွက် ဆဋ္ဌမမြောက် ဖိလစ်ဘုရင်က ဦးဆောင်ကာ လက်ဝဲနဲ့ လက်ယာ အစုအဖွဲ့ နှစ်ခုကြားက တွေ့ဆုံညှိနှိုင်းမှုတွေ စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source - Reuters